ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ

Photo -Social Media

ဇူလိုင်၊ ၁၄ 

တရုတ်-မြန်မာ နယ်စပ်မှာရှိပြီး ကိုးကန့်တပ်(MNDAA)က အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက် ၂ နာရီခွဲလောက်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

“မနက် ၂ နာရီခွဲလောက်ကကြဲတာ၊ နှစ်လုံး၊ တုံချိန်ဘက်ကိုကြဲတာ” လို့ လောက်ကိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။

တုံချိန်ရပ်ကွက်ထဲကို ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး ဖူလီလိုက် ဟိုတယ်နဲ့ ဟွမ်ကျားလီဟွာ ဟိုတယ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲလို့ အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ပြီးနောက် စက်သေနတ်တွေနဲ့လည်း ပစ်ခတ်သွားတယ်လို့ပြောကြပေမယ့် အဲဒီတိုက်ခိုက်မှုအတွင်း လူ သေဆုံးထိခိုက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန် MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတဲ့ လောက်ကိုင်ကို စစ်ကောင်စီတပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

MNDAA ဘက်ကတော့ စစ်ကောင်စီတပ်နဲ့ တကျော့ပြန်တိုက်ပွဲတွေ စတင်တဲ့ ဇူလိုင် ၃ ရက်နေ့က စပြီး လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ရတာကြောင့် လောက်ကိုင်မြို့က စာသင်ကျောင်းတွေအားလုံး ပိတ်ထားဖို့ ညွှန်ကြားထားခဲ့ပါတယ်။ 

ဒါ့အပြင် လောက်ကိုင်မြို့ခံတွေကိုလည်း စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ MNDAA က သတိပေးထားသလို မြို့ခံတွေကလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာမယ်လို့ ကြိုတင်တွက်ဆထားတယ်လို့ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်ချပြီးနောက် လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ထားနိုင်ခဲ့တာပါ။ 

အဲဒီနောက် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်ပေးမှုအရ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား အပစ်ရပ်ခဲ့ပါတယ်။ 

ဒါပေမယ့် အပစ်ရပ်ပြီး ငါးလကျော်အကြာ ဇွန်လ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က အပစ်ရပ် သဘောတူညီမှုကို အကြိမ်ကြိမ်ချိုးဖောက်နေလို့ဆိုကာ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲပါတဲ့ TNLA က ကျောက်မဲ၊ နောက်ချိုနဲ့ မိုးကုတ်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ 

အလားတူပဲ MNDAA ကလည်း ဇူလိုင်လ ၂ ရက်နေ့ကစလို့ လားရှိုးတဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ 

ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက်ပိုင်းမှာပဲ လားရှိုးမြို့ပေါ်က စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၅၀၇ နဲ့ ခြေလျင်တပ်ရင်း(ခလရ) ၆၈ တို့ကို MNDAA က ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ 

တကျော့ပြန်ထိုးစစ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတချို့နဲ့ လားရှိုး-မိုင်းရယ်ကြား နမ့်ပေါင်တိုက်နယ်မှာရှိတဲ့ ခလရ ၂၉၁ ကို MNDAA က သိမ်းပိုက်ရရှိထားတယ်လို့ နီးစပ်သူတွေက ပြောထားပေမယ့် MNDAA ဘက်ကတော့ စခန်းသိမ်းပိုက်ရရှိမှုတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။