ဇူလိုင်၊ ၁၁
အိုင်အက်စ် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးကို အီရတ်နိုင်ငံမှာ သေဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
အဘူဘေကာ အယ်လ် ဘဂ္ဂဒက်ဒီရဲ့ ပထမ ဇနီးကို အီရတ် တရားရုံး တခုက အခုသီတင်းပတ်ထဲမှာ သေဒဏ် စီရင်ချက် အတည်ပြု ချမှတ်ခဲ့တယ်လို့ အီရတ် တရားရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကက်ရှ် ရာဇဝတ်ခုံရုံးက အဲဒီ အမျိုးသမီးဟာ ယာဇီဒီ မျိုးနွယ်စုဝင် အမျိုးသမီးတွေကို မတရား ဖမ်းဆီး ထိန်းသိမ်းမှု အပါအဝင် အကြမ်းဖက် လုပ်ရပ်တွေမှာ စိတ်လိုလက်ရ ပါဝင်ခဲ့တယ်ဆိုတာ စစ်ဆေး တွေ့ရှိကြောင်း ပြောပါတယ်။
အီရတ် ပြည်ထဲရေး ဝန်ကြီးဌာနက အဲဒီ အမျိုးသမီးရဲ့ နာမည်ကို အက်စ်မာ မိုဟာမက် (ခေါ်) အွမ်ဟူဒိုင်ဖာလို့ ဖော်ပြခဲ့ပါတယ်။ သေဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ ရှေ့နေကတော့ အခုကိစ္စအပေါ် မှတ်ချက် မပေးသေးပါဘူး။ လေ့လာသူတွေကတော့ အက်စ်မာဟာ စီရင်ချက်အပေါ် အယူခံ ဝင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။
အက်စ်မာဟာ အိုင်အက်စ်ရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေ၊ ယာဇီဒီ အမျိုးသမီးတွေကို ဖမ်းဆီးကျွန်ပြုမှုတွေမှာ လုံးဝ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
သူဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံပိုင်နက်တွေထဲမှာ နယ်မြေ အများအပြားကို သိမ်းယူပြီး ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံတခု ထူထောင်ကြောင်း ကြေညာခဲ့တဲ့ ဘဂ္ဂဒက်ဒီနဲ့ လက်ထပ်ခဲ့တာပါ။ ၂၀၁၉ မှာတော့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ ပူးပေါင်းဖြိုခွင်းမှုကြောင့် ပြိုကွဲသွားပြီး ဘဂ္ဂဒက်ဒီကလည်း ဆီးရီးယား အနောက်မြောက်ပိုင်းမှာ မိသားစုနဲ့အတူ ပုန်းခိုနေခဲ့ရပါတယ်။
သူ့ကို အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးဖို့ ကြိုးစားချိန်မှာတော့ ဘဂ္ဂဒက်ဒီက အသေခံ ဗုံးခွဲခဲ့ပြီး ကိုယ်တိုင်ရော၊ ကလေးနှစ်ဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဘဂ္ဂဒက်ဒီရဲ့ တခြားဇနီးနှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။
အက်စ်မာကတော့ ၂၀၁၈ မှာကတည်းက တူရကီမှာ အဖမ်းခံခဲ့ရတဲ့အတွက် အိုင်အက်စ်ခေါင်းဆောင်ရဲ့ နောက်ဆုံးအချိန်တွေမှာ အတူမရှိခဲ့ပါဘူး။ အခုနှစ်ဆန်းပိုင်းမှာ တူရကီက သူ့ကို အီရတ် အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် ဆက်လက်စစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။
Ref: BBC