မတ္တရာမြို့နဲ့ ခုနစ်မိုင်အကွာကစခန်းအပါအဝင် စစ်ကောင်စီစခန်းနှစ်ဒါဇင်ကျော်ကို MDY-PDF သိမ်းပိုက်

Photo – MDY PDF

ဇူလိုင် ၊ ၆

မန္တလေးတိုင်း၊မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂၅ခုကိုသိမ်းပိုက်ထားပြီး ၁၂၀မမ စိန်ပြောင်းတလက် အပါ အဝင် လက်နက်ခဲယမ်းအများအပြားလည်းသိမ်းဆည်းရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ကပြောပါတယ်။

ရှမ်းမြောက်နဲ့ မန္တလေး ထိစပ်ဒေသတွေမှာ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ဇွန်လ ၂၅ရက်ကတည်းက MDY-PDF ပူးပေါင်းတပ်တွေ မတ္တရာမြို့နယ်ထဲကစစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်ပြီး ၁၂ရက် အ တွင်း စခန်း၂၅ခုသိမ်းပိုက်ကာ မတ္တရာမြို့နဲ့ ခုနစ်မိုင်အကွာအထိ ရောက်လာတာဖြစ်ပါတယ်။

MDY-PDF၊မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ SSTF တပ်တွေက မတ္တရာမြို့မြောက်ဘက် ခုနစ်မိုင်အကွာ မန္တလေး-မိုးကုတ်  လမ်းမပေါ်မှာ ရှိတဲ့ ရေနံ့သာတိုးဂိတ်၊ရေနံ့သာရဲစခန်း၊ မတ္တရာမြို့အရှေ့ဘက်က စခန်းသာ၊ခြေတော်ရာစတဲ့ စခန်းတွေအပါအဝင် စုစုပေါင်း ၂၅ခုကို သိမ်းပိုက်ထားတာပါ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ လက်နက်ချလာတာတွေလည်း ရှိတယ် လို့ ဆိုပါတယ်။

မတ္တရာမြို့ဟာ စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့လယ်နဲ့ ၁၉မိုင်လောက်ပဲဝေးပါတယ်။ လက်ရှိမှာ မတ္တရာမြို့နယ်အပြင် စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်တွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

မတ္တရာမြို့မြောက်ဘက်ကနေ သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာ လမ်းဆုံအထိ မန္တလေး-မိုးကုတ်လမ်း ပိုင်းတလျှောက် စစ်ကောင်စီစခန်းနဲ့ရစခန်းတွေကို တော်လှန်ရေးတပ်တွေက ဆက်တိုက်သိမ်းယူနေတာဖြစ်ပါ တယ်။