Photo – Maraland Territorial Council – MTC
ဇူလိုင်၊ ၅
ချင်းပြည်နယ်၊ မတူပီမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ ဟောင်ဝပ်ဇာအမြောက်နှစ်လက်အပါအဝင် လက်နက်မျိုးစုံ လေးရာနီးပါး၊ ကျည်မျိုးစုံငါးသောင်းကျော်နဲ့ စစ်သုံး ပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ဆင်ရေးဆင်နွှဲခဲ့တဲ့ ချင်းညီနောင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ချင်းညီနောင်တပ်ဖွဲ့က ရရှိခဲ့တဲ့ လက်နက်တွေထဲ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်နှစ်လက်အပြင် ဟောင်ဝစ် ဇာ အမြောက် နှစ်လက်၊ ၁၂၀ မမ နှစ်လက်၊ ၈၁ မမ ၈ လက်၊ ၆၀ မမ ၂၂ လက်နဲ့ RPG ၁၃ လက်စတဲ့ လက်နက် ကြီးတွေလည်းပါဝင်ပါတယ်။
ဒါ့အပြင် လက်နက်ငယ်တွေထဲမှာတော့ စက်သေနတ်မျိုးစုံ ဆယ်လက်၊ စနိုက်ပါ ကိုးလက်အပြင် ပစ္စတိုသေနတ် လေးဆယ်နဲ့ ချေမှုန်းရေး ရိုင်ဖယ် သုံးရာနီးပါး သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်အင်အားစု ခြောက်ခုနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်က မတူပီမြို့ကို ဇွန်လ ၉ ရက်နေ့မှာ မြို့သိမ်းတိုက် ပွဲဆင်နွှဲခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ဆင်ရေးစတင်ပြီး ကိုးရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာပဲ မတူပီအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၃၀၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာတော့ ခြေလျင်တပ်ရင်း(ခလရ) ၁၄၀ နဲ့ စစ်ဗျူဟာတို့ကို သိမ်းပိုက် ရရှိပြီးနောက် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာပါ။
“မတူပီမြို့တခုလုံးကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်၊ မတူပီမြို့နယ်အတွင်းမှာရှိတဲ့ စကစရဲ့ နောက်ဆုံးနဲ့ အကြီး ဆုံးစခန်းဖြစ်တဲ့ ခမရ ၃၀၄၊ ခလရ ၁၄၀၊ ဗျူဟာစခန်းတွေက စကစ မရှိတော့ပါဘူး” လို့ မတူပီမြို့ သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းညီနောင် ပြန်ကြားရေးအဖွဲ့ဝင်တဦးက DNA ကို ပြောထားပါတယ်။
အလားတူပဲ လက်နက်ကြီး ဗုံးဆံ သုံးရာကျော်နဲ့ ကျည်ဆံမျိုးစုံ ငါးသောင်းခွဲကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ တယ်လို့ ချင်းညီနောင်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ထောင်ဒဏ်တသက်ချမှတ်ခံထား ရသူနှစ်ဦးအပါအဝင် နိုင်ငံရေး အကျဥ်းသား ၁၃ ဦးကိုလည်း အဲ့ဒီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်ပူးပေါင်းတပ်တွေက ကယ်တင်နိုင်ခဲ့ ပါ တယ်။
စစ်ကောင်စီဘက်ကတော့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကို အဓိက အားကိုးခု ခံခဲ့တာကြောင့် လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲအတွင်း ချင်းညီနောင်ဘက်က အာရက္ခတပ်တော်(AA)၊ Yaw Army(YA)နဲ့ Yaw Defense Force(YDF) တို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးတာရှိပေမယ့် အဲဒီအခြေ အနေ ကို တော့ အသေးစိတ်ထုတ်ပြန်ထားတာမရှိပါဘူး။
မြို့ပေါင်း ၁၉ မြို့ရှိတဲ့ ချင်းပြည်နယ်တဝှမ်းမှာ လက်ရှိအချိန်အထိ ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၁၁ မြို့နဲ့ AA ထိန်း ချုပ်ထားတဲ့ မြို့ နှစ်မြို့ စုစုပေါင်း ၁၃ မြို့အထိရှိပြီဖြစ်ပြီး ဟားခါး၊ တီးတိန်၊ မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက်နဲ့ ဖလမ်းတို့လို့ မြို့ကြီးတွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ချင်းညီနောင်အနေနဲ့ကတော့ အခု ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တဝှမ်း စစ်ကောင်စီကင်းစင်ရေး ရည်မှန်း ထားပြီး စစ်ဆင်ရေးရည်မှန်းချက်ပြည့်ဝဖို့ နောက်ထပ်မြို့ကြီးတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။