အိန္ဒိယမှာ ရထားနှစ်စီးတိုက်ပြီး ရှစ်ဦးထက်မနည်း သေဆုံး

ဇွန်၊ ၁၇

အိန္ဒိယ နိုင်ငံမှာ ရထားနှစ်စီး တိုက်မိရာက အနည်းဆုံး ၈ ဦးသေပြီး ၆၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က အိန္ဒိယရဲ့ အနောက်ဘင်္ဂလား ပြည်နယ်မှာ ကုန်တင် ရထားတစီးက သံလမ်းပေါ် ရပ်နေတဲ့ ခရီးသည်တင် ရထားကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ နေရာက မှတ်တမ်း ဓာတ်ပုံတွေအရ ရထားတွဲ တခါဟာ တခြားရထားရဲ့ အပေါ်က ထပ်ပြီး မိုးပေါ် ထောင်တက်နေတာကို တွေ့ရပါတယ်။

Kanchenjungha Express ခရီးသည်တင် ရထားနဲ့ ကုန်တင်ရထား တိုက်မိမှုရဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပါဘူး။ ဒါပေမဲ့ ကနဦး စုံစမ်းမှုတွေအရ လူတွေရဲ့ အမှားအယွင်း တခုခု ပါဝင်နိုင်ခြေ ရှိတယ်လို့ ယုံကြည်ရပါတယ်။

အနောက်ဘင်္ဂလား ပြည်နယ် အုပ်ချုပ်ရေးမှူး မာမာတာ ဘနာဂျီက အခုသတင်းကြောင့် အရမ်းတုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 

သေဆုံးသူတွေထဲမှာ ကုန်တင်ရထားရဲ့ ယာဉ်မောင်းနဲ့ လက်ထောက်ဖြစ်သူ၊ ခရီးသည်တင် ရထားရဲ့ လုံခြုံရေး ဝန်ထမ်းတို့ ပါဝင်ခဲ့ပါတယ်။

နာရီပေါင်း အတော်ကြာပြီးတဲ့ အချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးပြီလို့ ယုံကြည်ရပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ မရှိနိုင်လောက်တော့ဘူးလို့ ပြည်နယ် ရထားပို့ဆောင်ရေး ဘုတ်အဖွဲ့ အမှုဆောင်ချုပ် ဂျာယာ ဗာမာ ဆင်ဟာက ဆိုပါတယ်။ 

လက်ရှိ အချိန်မှာ ဦးစားပေး လုပ်ဆောင်မှုကတော့ ဒဏ်ရာ ရထားတဲ့ သူတွေကို အမြန်ဆုံး ဆေးဝါးကုသပေးဖို့ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရထားနှစ်စီးလုံးရဲ့ စက်ခေါင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ခရီးသည်တင် ရထားရဲ့ အတွဲ ၃ ခုလောက် လမ်းချော်သွားခဲ့တယ်လို့လည်း ရဲတွေက ဆိုပါတယ်။ ဘနာဂျီက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် နစ်နာကြေး ရူပီး ၂ သိန်းစီနဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ ထောက်ပံ့မယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးရဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ ရထားတွေကို အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပေမယ့် ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်၊ လေ့ကျင့်သား မပြည့်ဝတဲ့ ဝန်ထမ်းတွေနဲ့ အရည်အသွေးပိုင်း နိမ့်ပါးမှုတွေကြောင့် ဆိုးရွားတဲ့ ရထား မတော်တဆမှုတွေ မကြာခဏ ကြုံတွေ့ဖူးပါတယ်။

မနှစ်တုန်းကဆိုရင် နိုင်ငံအရှေ့ပိုင်း ဩရိသ ပြည်နယ်မှာ ရထား ၃ စင်းတိုက်တဲ့ ဆိုးဆိုးရွားရွား မတော်တဆမှုကြီး ဖြစ်ပွားခဲ့တာကြောင့် လူ ၂၉၀ သေဆုံးပြီး ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: BBC