ပဲခူးရိုးမထဲမှာ လေးရက်ဆက်တိုက်ပွဲဖြစ်

Photo – သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂

မေ၊ ၃၁

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း အခုလ ၂၆ရက်ကနေ ၂၉ရက်အထိ လေးရက်ဆက် တိုက် ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိသလို တော်လှန်ရေးတပ်တွေဘက်ကလည်း နှစ်ဦးကျဆုံးခဲ့ တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅ ကထုတ်ပြန်ပါတယ်။

ပဲခူးရိုးမထဲမှာရှိတဲ့ မြို့ချောင်း- စိန်ကန့်လန့် ရိုးမဖြတ်လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီတပ်တွေကို အ ထက် ပါ PDF တပ်ရင်းက လေးရက်ဆက် မိုင်းဆွဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့သလို အပြန်အလှန် ပစ်ခတ်မှုတွေလည်းရှိ  ခဲ့တာ လို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က စုစုပေါင်း ၃၅ဦးသေဆုံးတဲ့အပြင် ဒဏ်ရာရသူတွေလည်း အများ အပြားရှိတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဖော်ပြပါတယ်။

လေးရက်ကြာ တိုက်ပွဲတွေဟာ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂မိုင်၊၁၇မိုင်၊၁၈မိုင်နဲ့ ၁၉မိုင် နေရာတွေမှာ ဖြစ်ခဲ့ပြီး မေလ ၂၈ရက်က၁၈မိုင်အနီးမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့ နှစ်ဦးကျဆုံးကာ နှစ်ဦးဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ၁၈မိုင်တိုက်ပွဲအတွင်း PDF တွေဘက်က ယာယီ စခန်းတခု ဆုတ်ခွာပေးခဲ့ရပြီး လက်လုပ်သေနတ် သုံးလက်နဲ့ ရှေ့ထွက်မိုင်းလေးလုံး ဆုံးရှုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ် ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဲခူးရိုးမအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားလာပြီး စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုတိုက်ခိုက်ခံရတာ၊နှစ်ဖက်တိုက်ပွဲဖြစ်တာတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။ 

လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ ရိုးမထဲကို သွားလာတာ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅က အသိပေးထားပါတယ်။