မေ၊ ၂၃
အမေရိကန် ရွေးကောက်ပွဲမှာတော့ ပါတီတူ သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်လ်ထရမ့်ကိုပဲ ထောက်ခံသွားတော့မယ် နစ်ကီဟေလီက အတည်ပြု အသိပေးခဲ့ပါတယ်။
ဟေလီဟာ အမေရိကန် သမ္မတအဖြစ် ထရမ့်တာဝန်ယူခဲ့တုန်းက ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရာထူးကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၄ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို နောက်ဆုံးအချိန်ထိ စိန်ခေါ်ခဲ့သလို သူတို့နှစ်ဦးကြား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။
ဟေလီဟာ သူ့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်တွေကို စွန့်လွှတ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ခြင်းနဲ့အတူ ထရမ့်ဟာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရွေးကောက်ပွဲ မကျေပွဲနွှဲဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ ဟေလီဟာ အဲဒီအချိန် ကတည်းက ရွေးကောက်ပွဲမှာ ဘယ်သူ့ကို ထောက်ခံမလဲ ဆိုတာကို အတိအကျ ထုတ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာပါ။
မေလ ၂၂ ရက်နေ့မှာတော့ ဟေလီက သူနဲ့ ဆက်ဆံရေး မပြေလည်မှုတွေ ရှိခဲ့တဲ့တိုင်အောင် ပါတီတူ သမ္မတလောင်းဖြစ်တဲ့ ထရမ့်ကိုပဲ အားပေး ထောက်ခံသွားမယ်လို့ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဟေလီရဲ့ နောက်ခံ နိုင်ငံရေး အင်အားစုဆီက မဲတွေကို ထရမ့်က ရရှိလာမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ထရမ့်ဟာ ပြီးပြည့်စုံတဲ့သူတော့ မဟုတ်ကြောင်း၊ ဒါပေမဲ့ ဘိုင်ဒန်ကို ထောက်ခံမယ် ဆိုရင်တော့ အကုန်လုံး ကပ်ဘေးဆိုက်ကုန်မှာဖြစ်ကြောင်း ဟေလီက ဆိုပါတယ်။ ဘိုင်ဒန် ဘက်တော်သားတွေက ဟေလီဟာ ပါတီမတူပေမယ့် ဘိုင်ဒန်ကို ထောက်ခံမလားလို့ မျှော်လင့်ခဲ့ကြဖူးပေမယ့် အခုစကားကြောင့် အဖြေက အတိအကျ ပေါ်သွားခဲ့ပါပြီ။
ဟေလီဟာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ရာမှာ ထောက်ခံမဲ ၂၀ ရာခိုင်နှုန်းလောက် ရခဲ့ပြီး အနည်းဆုံး ပြည်နယ် ၂ ခုမှာ အနိုင်ရခဲ့ပါတယ်။
Ref: BBC