အင်ဂျင်မီးလောင်လို့ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် အရေးပေါ် ပြန်ဆင်းခဲ့ရ

မေ၊ ၁၆

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစီး ပျံတက်ပြီး မကြာခင်မှာပဲ အင်ဂျင်မီးလောင်လို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။

မေလ ၁၅ ရက်နေ့က အင်ဒိုနီးရှားရဲ့ Garuda လေကြောင်းပိုင် Boeing747-400 လေယာဉ်ဟာ လူပေါင်း ၄၆၈ ဦး လိုက်ပါပြီး အင်ဒိုနီးရှားနိုင်ငံ၊ မာကက်ဆာ မြို့ကနေ ဆော်ဒီအာရေးဘီးယားကို ပျံသန်း ထွက်ခွာခဲ့ပါတယ်။

 ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လေယာဉ်ရဲ့ ညာဖက်အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ထွက်ခွာရာ လေဆိပ်မှာပဲ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရတယ်လို့ အင်ဒိုနီးရှား လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

 အဲဒီ သည်းထိတ်ရင်ဖို ဖြစ်ရပ်မှာ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ Garuda ခရီးစဉ်အမှတ် ၁၁၀၅ လေယာဉ်ဟာ ပျံတက်သွားပြီး မကြာခင်မှာပဲ မီးစလောင်ခဲ့တာဖြစ်ကြောင်း၊ လေယာဉ်မှူးဟာ အဲဒီ အခြေအနေကြောင့် အမြန်ဆုံး အရေးပေါ် ပြန်လည် ဆင်းသက်နိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း လေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌ အာဖန် ဆက်တီပူထရာက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၄၅၀ နဲ့ အမှုထမ်း ၁၈ ဦး စီးနင်းလိုက်ပါခဲ့ပြီး အားလုံးကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ခရီးသည်တွေကို တခြား လေယာဉ် တစီးနဲ့ အစားထိုးပြီး ဆော်ဒီအာရေးဘီးယားကို ချောချောမောမော ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆက်တီပူထရာက ဆိုပါတယ်။

လောလောဆယ် လေယာဉ်မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ကျွန်းစုနိုင်ငံ တခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ လေယာဉ်တွေကို အထူးတလည် အားကိုးနေရပေမယ့်လည်း အရပ်ဖက် လေကြောင်း လုံခြုံရေး ကဏ္ဍမှာ မှတ်တမ်းဆိုးတချို့ ကြုံထားပါတယ်။

လောလောလတ်လတ် အနေနဲ့ ၂၀၂၁ ခုနှစ်တုန်းက Sriwijaya လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစီး ဂျာဗားပင်လယ်ထဲ ရုတ်တရက် ထိုးဆင်းသွားမှုကြောင့် လိုက်ပါသွားသူ ၆၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မကြာသေးခင်ကလည်း Batik လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစီး ပျံသန်းနေရင်း လမ်းကြောင်း ချော်သွားတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရာကနေ လေယာဉ်မှူး နှစ်ဦးစလုံး အိပ်ပျော်နေခဲ့တယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

Ref: CNA,