ထရမ့်-ဘိုင်ဒန် မကျေပွဲဖြစ်ဖို့ သေချာသွားတဲ့ အမေရိကန် ရွေးကောက်ပွဲ

မတ်၊ ၁၄

နှစ်ပေါင်း ၇၀ လောက် ကာလအတွင်း အမေရိကန် ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဟောင်း နှစ်ဦးရဲ့ မကျေပွဲကို ပြန်မြင်ရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်နယ်အဆင့် ပါတီအလိုက် မဲပေးမှု ရလဒ်တွေက ၂၀၂၄ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ပဲ လွန်ခဲ့တဲ့ ၄ နှစ်ကလို ထိပ်တိုက် ပြန်တွေ့ကြမယ် ဆိုတာကို အတည်ပြုပေးလိုက်ပါပြီ။ ကွာခြားသွားတာကတော့ ဒီတကြိမ်မှာ ထရမ့်က အာဏာရ သမ္မတ အနေနဲ့ မဟုတ်တော့ဘဲ ဘိုင်ဒန်ကို စိန်ခေါ်ရမယ့် အခြေအနေမျိုး ပြောင်းပြန် ဖြစ်သွားတာပါ။

အစဉ်အလာအရ အမေရိကန်မှာ အာဏာရပါတီရဲ့ သမ္မတတွေဟာ ဒုတိယ သက်တမ်းအတွက် ပြင်းထန်တဲ့ ပါတီတွင် စိန်ခေါ် ပြိုင်ဆိုင်မှုမျိုး ကြုံရလေ့ မရှိတဲ့အတွက် ဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ သက်တောင့်သက်သာပဲ အနိုင်ရခဲ့ပါတယ်။ ပါတီထဲမှာ ဘိုင်ဒန်ကို စိန်ခေါ်နိုင်လောက်အောင် အားကောင်းတဲ့ ပြိုင်ဘက်တွေလည်း ထွက်ပေါ်မလာခဲ့ပါဘူး။

ထရမ့်ကတော့ နစ်ကီဟေလီနဲ့ ရွန်ဒီဆန်းတစ်တို့လို ထူးချွန်တဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ကျော်လွှားပြီး ပြည်နယ် အတော်များများရဲ့ ရီပတ်ဘလစ်ကန်ပါတီ မဲပေးမှုတွေမှာ ဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မူလကတည်းက နိုဝင်ဘာ ရွေးကောက်ပွဲဟာ ထရမ့်-ဘိုင်ဒန် မကျေပွဲ ဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနှင့်ခဲ့ပေမယ့် အခုသီတင်းပတ်မှာတော့ တရားဝင် သေချာတဲ့ အဆင့်ကို ရောက်ရှိလာခဲ့တာပါ။

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်က သူ့ကို ထောက်ခံနေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ ရပ်တည်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲမှာလည်း ပြည်သူတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။ 

ရွေးကောက်ပွဲအကြို လူထုအမြင် စစ်တမ်းတွေကတော့ ထရမ့်-ဘိုင်ဒန် အားပြိုင်မှုဟာ ၂၀၂၀ ပြည့်နှစ်ထက် ပိုမို ပြင်းထန်ပြီး ခန့်မှန်းရ ခက်လာနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ နောက်ပြီး ထရမ့်အပေါ် လူကြိုက်များမှုကလည်း လက်ရှိ အာဏာရ သမ္မတထက် အနည်းငယ် ပိုသာနေဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

Ref: Guardian