ရန်ကုန်မှာ သင်္ကြန်ပွဲအတွက် စစ်ကောင်စီကြိုတင်ပြင်ဆင်၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်ဆောက်မယ်လို့ဆို

မတ်၊ ၁၀
 
ရန်ကုန်မှာ ပြုလုပ်မယ့် သင်္ကြန်ပွဲအတွက် မဏ္ဍပ်ဆောက်လုပ်မယ့် အစီစဥ်တွေနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
 
သင်္ကြန်ပွဲကျင်းပေးရေး လုပ်ငန်းအစည်းအဝေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့တော်ခန်းမ)မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေးကိစ္စတွေ ညှိနိူင်းခဲ့တယ်လို့ ဆိုပါတယ်။
 
“ဒီနှစ်က အရင်နှစ်တွေလောက်တော့ ဖိဖိစီးစီး လုပ်မယ့်သဘောတော့ မတွေ့ရဘူး။ တိုင်းအစိုးရက တိုက်ရိုက်ပါဝင်မှုထက် မြို့တော်စည်ပင်က အဓိက ဦးဆောင်ခိုင်းထားတာမျိုး တွေ့ရတယ်” လို့ စည်ပင် Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အစဥ်အလာအတိုင်း မြို့တော်ဗဟိုမဏ္ဍပ်ဆောက်လုပ်ဖို့နဲ့ ခရိုင်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ စစ်ကောင်စီခန့် မြို့တော်ဝန် ဦးဗိုလ်ဌေးက မှာကြားခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့နှစ်က ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ စစ်ကောင်စီက ဆွဲဆောင်ခဲ့ပေမယ့် ဒီနှစ်မှာ ပုဂ္ဂလိကမဏ္ဍပ်တွေ ဆောက်ခွင့်ထပ်ပေးမပေးကိုတော့ မသိရသေးဘူးလို့ ဌာနတွင်း Non CDM တချို့က ဆိုပါတယ်။
 
“မနှစ်ကလည်း ပုဂ္ဂလိကမဏ္ဍပ်တွေ ဆောက်ခွင့်ပေးတာပဲ၊ လျှောက်တဲ့သူမရှိသလောက်ပဲ။ စကစနဲ့ပတ်သက်တဲ့ ကုမ္ပဏီတခု၊ နှစ်ခုလောက်ပဲ ဆောက်တာရှိတယ်။ ဒီနှစ်က ဘယ်လိုလာမလဲမသိသေးဘူး” လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။
 
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်သူတွေ ပျော်ရွှင်နေတဲ့သဏ္ဍန် ပုံဖော်ဖို့အတွက်သင်္ကြန်ပွဲတော်ကို စည်ကားအောင် ဖန်တီးပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
 
သင်္ကြန်မဏ္ဍပ်ရှိရာ နေရာတွေမှာလည်း စစ်ကောင်စီက လုံခြုံရေးအပြည့်အဝ ချထားစောင့်ကြည့်မှုတွေ လုပ်လေ့ရှိပါတယ်။
 
အဲဒီ သင်္ကြန်မဏ္ဍပ်တွေ ရှိရာကို ပြည်သူအများစုက သွားရောက်တာမရှိလို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ လည်ပတ်ရေဆော့ကစားစေတာ၊ နေ့စားနဲ့ ငှားရမ်းထားသူတွေကို လည်ပတ်စေတာမျိုးတွေ ပြုလုပ်တာတွေ ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
ဓာတ်ပုံ – Social Media