အရပ်ဖက် သင်္ဘောတွေကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် လူအသေအပျောက်ဖြစ်

မတ် ၊ ၇

ယီမင်နိုင်ငံ ကမ်းလွန်မှာ အရပ်ဖက် သင်္ဘောတွေကို ဟိုသီ သူပုန်တွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပထမဆုံးအကြိမ် အသေအပျောက် ဖြစ်ရပ်မျိုး ကြုံလာကြောင်း အမေရိကန် စစ်ဘက်က ကြေညာပါတယ်။

 အရှေ့အလယ်ပိုင်း ဒေသက စစ်ဆင်ရေးတွေကို တာဝန်ယူ ကြီးကြပ်နေတဲ့ အမေရိကန်ရဲ့ Centcom စစ်ရေး ကွပ်ကဲမှု ဌာနက မတ်လ ၆ ရက်နေ့၊ ယီမင်တောင်ပိုင်း၊ အေဒန်ပင်လယ်ကွေ့ ဧရိယာထဲ ခုတ်မောင်းနေတဲ့ Ture Confidence ကုန်တင်သင်္ဘောကို ဟိုသီတွေက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေယာဉ် အမှုထမ်း ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၃ ဦးရဲ့ အခြေအနေက ဆိုးရွားတယ်လို့လည်း ဆိုပါတယ်။

 ဟိုသီတွေကတော့ ဘာဘေးဒိုးစ်အလံ လွှင့်ထူထားတဲ့ သင်္ဘောဟာ သတိပေး တားမြစ်ချက်တွေကို မလိုက်နာဘဲ ရှေ့တိုးလာတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်း ၂၀ နဲ့ လက်နက်ကိုင်အစောင့် ၃ ဦး လိုက်ပါခဲ့ပြီး အခုအခါမှာတော့ အားလုံးက ရေယာဉ်ကို စွန့်ခွာရွှေ့ပြောင်းခဲ့ကြပြီးပါပြီ။ သင်္ဘောဟာ ပင်လယ်ထဲမှာ ဦးတည်ရာမဲ့ မျောနေတယ်လို့ သိရပါတယ်။

 ဟိုသီတွေက ဂါဇာ စစ်ပွဲမှာ အစ္စရေးကို ထောက်ခံတဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်မယ်လို့ ကြွေးကြော်ပြီး ပင်လယ်နီနဲ့ အေဒန် ပင်လယ်ကွေ့ထဲ ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က ဟိုသီတွေရဲ့ လက်ချက်ကြောင့် ပထမဆုံးအကြိမ် ကုန်တင်သင်္ဘောတစီး နစ်မြုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လူအသေအပျောက်ပါ ရှိလာတာ ဖြစ်ပါတယ်။

 အရပ်ဖက် ရေကြောင်း သွားလာမှုအပေါ် ဟိုသီတွေက ရန်လိုလာတဲ့အပေါ် အမေရိကန်နဲ့ ဗြိတိန်တို့က တုံ့ပြန်တဲ့ အနေနဲ့ ယီမင်အခြေစိုက် ဟိုသီ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမယ့် ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်မသွားတဲ့အပြင် ပိုမိုဆိုးရွားလာနေခဲ့တာပါ။

 အီရန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ ယီမင်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပြီး ဒေသတွင်းမှာ အားကောင်းတဲ့ လက်နက်ကိုင် အင်အားစု တခုအဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့ ကုန်သွယ်ရေကြောင်း ကဏ္ဍမှာ အရေးပါတဲ့ ပင်လယ်နီနဲ့ အေဒန် ပင်လယ်ကွေ့တို့ဟာ ဟိုသီတွေ တိုက်ခိုက်ဖို့ အလွယ်တကူ လက်လှမ်းမီတဲ့ နေရာမှာ တည်ရှိနေခြင်းကလည်း ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေရဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။

 Ref: BBC