မောင်တောမြို့အနီးရောက်ရှိလာတဲ့ AAထိုးစစ်ကြောင့်စစ်တပ်ကပြည်သူ့ဆေးရုံကိုပိတ်ခိုင်းပြီးတပ်စွဲခံစစ်ပြင်

မတ်၊ ၅

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ပေါ်မှာရှိတဲ့ ခရိုင်ပြည်သူ့ဆေးရုံနဲ့ ပုဂ္ဂလိကဆေးခန်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းပြီး ဆေးရုံဝင်းထဲမှာ စခန်းချနေယူထားတာကြောင့်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မောင်တောမြို့လယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေအားလုံးကို နေရပ်ပြန်ခိုင်းပြီး စခန်းချနေတာလို့ ဆိုပါတယ်။

“လူနာတွေကိုရော အကုန်လုံးကို နှင်ထုတ်ပြီး စစ်တပ်က နေရာယူလိုက်တာ၊ အင်အားတရာဝန်းကျင်လောက်ရှိမယ်၊ တော်တော်ပြင်းပြင်းထန်ထန်လူနာတွေရော အကုန်လုံးကို နှင်ထုတ်တယ်၊ အရေးပေါ်လူနာတွေဆိုလည်း ကုစရာနေရာမရှိတော့ဘူး”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆေးရုံမှာရှိတဲ့ လူနာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နှင်ထုတ်ခဲ့တာဖြစ်ပြီး ဒီနေ့ မတ်လ ၅ ရက်မှာတော့ ဝင်ရောက်နေရာယူလာတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်နယ်မြောက်ပိုင်းမှာ မြို့တွေတခုပြီးတခု ဆက်တိုက်သိမ်းယူနေတဲ့ ရက္ခိုင့်တပ်တော်(AA)ဟာ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်ထိုးစစ်ဆင်နေပြီး မြို့နဲ့ အနီးဆုံးနေရာတွေထိပါ တိုက်ပွဲတွေ ရောက်လာနေတာပါ။

အဲဒီလိုအခြေအနေမှာ မြို့အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အင်အားနည်းစခန်းတွေကို မောင်တောမြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့(နခခ ၅)နဲ့ မြို့ပေါ်တပ်စခန်းတွေဆီ ပူးပေါင်းခဲ့ပြီး အခုအခါမှာတော့ မြို့ပေါ်ပြည်သူ့ဆေးရုံမှာပါ တပ်စွဲနေရာယူလာခဲ့တာပါ။

“လူတွေကို ဓါးစာခံလုပ် အကာအကွယ်ယူပြီး မြို့မှာနေဖို့လုပ်နေတာ၊ ဒီမှာက ပြေးစရာလည်း သိပ်မရှိဘူးလေ၊ အခု ဆေးရုံတွေ၊ ဆေးခန်းတွေအကုန်လုံးကိုလည်း ပိတ်လိုက်ပြီဆိုတော့ ဆေးမရှိ၊ ဝါးမရှိနဲ့ ဘယ်လိုနေကြမလဲတောင်မသိတော့ဘူး”လို့ မောင်တောဒေသခံက ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ကတည်းက မောင်တောမြို့အပါအဝင် ရခိုင်မြို့နယ်တွေမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း၊ အင်တာနက်တွေကို ဖြတ်တောက်ထားခဲ့ပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေရဲ့ စျေးဟာလည်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ AA ဟာ မောင်တောမြို့နဲ့ လေးမိုင်ဝန်းကျင်သာကွာဝေးတဲ့  အငူမော် – မောင်တောကားလမ်းပေါ်ရှိ ဗောဓိကုန်းစခန်းအပါအဝင် စစ်ကောင်စီစခန်းအများစုကို သိမ်းပိုက်ထားပါတယ်။ 

ဒါ့အပြင် မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ တောင်ပြိုမြို့နဲ့ နယ်ခြားစောင့်စခန်းဆယ်ချီကိုလည်း သိမ်းပိုက်ထားကာ နောက်ထပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA က ဆိုပါတယ်။

“တိုက်ပွဲတွေက မြို့ပေါ်မှာတော့ မဖြစ်သေးဘူး၊ ဒါပေမယ့် စစ်တပ်က လှုပ်ရှားမှုတွေ ရှိနေတော့ ကြောက်နေကြရတယ်၊ မြို့က ပြောင်းတဲ့သူတွေလည်း ပြောင်းနေကြပြီ”လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

AA ရဲ့ထိုးစစ်တွေကြောင့် မြို့တွေ တခုပြီးတခုလက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက AA ရဲ့သိမ်းပိုက်ခြင်းမခံရသေးတဲ့မြို့တွေမှာ မြို့တွင်းခံစစ်အခိုင်အမာလုပ်နေသလို မြို့တွင်းသို့ ဝင်လာနိုင်တဲ့လမ်းနဲ့ တံတားတွေကိုလည်း ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြည်နယ်အလယ်ပိုင်းကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီတပ်သားတွေဟာ ၎င်းတို့နေထိုင်တဲ့ စခန်းတွေဆီ လာနိုင်တဲ့ အများပြည်သူသွားရာကားလမ်းမတွေမှာ မိုင်းထောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် စစ်တွေမြို့၊ တောင်ကုတ်မြို့နဲ့ အမ်းမြို့တို့ဆီ ဆက်သွယ်ထားတဲ့လမ်းတွေပေါ်ရှိ တံတားနဲ့ လမ်းတွေကိုလည်း စက်ယန္တရားကြီးတွေ၊ မိုင်းတွေနဲ့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

 AA ဟာ ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး မောင်တော၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်တို့မှာလည်း ထိုးစစ်တွေ အပြင်းအထန်လုပ်နေပါတယ်။

အဲဒီ AA က သိမ်းထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ရှိနေပြီး စစ်ရေးနဲ့မဆိုင်တဲ့ အရပ်ဖက်နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေဆီ ကျရောက်ပေါက်ကွဲကာ စစ်ရှောင်တွေအပါအဝင် သေဆုံးရသူ နှစ်ဆယ်ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ခြောက်ဆယ်ဝန်းကျင်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

မနေ့က မတ်လ ၄ ရက်နေ့မှာလည်း AA သိမ်းထားတဲ့ ကျောက်တော်မြို့ပေါ်ကို  စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်ဗုံးလာကြဲခဲ့ပြီး လျှပ်စစ်ဓါတ်အားပေးစက်ရုံပျက်စီးသွားခဲ့ကာ အနီးရှိ ပိုက်သည်ရပ်ကွက်မှ လူငယ်တဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ရခိုင်ဒေသတခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းတခုမှ မကျန်အောင် တိုက်ခိုက်သွားမယ်လို့ ကြေငြာထားကာ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ချကြဖို့လည်း သတိပေးထားပါတယ်။