ကမ္ဘာ့အပူဆုံး နေရာမှာ ရှားပါး မိုးရွာချမှုတွေကြောင့် ရေကန်တွေ ဖြစ်ပေါ်လာ

ကမ္ဘာပေါ်မှာ အပူပြင်းဆုံး နေရာမှာ ရှားရှားပါးပါး မိုးသည်းထန်မှုကြောင့် ရေကန်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ပိုင်းက သေမင်းတောင်ကြားဟာ ကမ္ဘာပေါ်မှာ အပူဆုံး နယ်မြေဒေသအဖြစ် သတ်မှတ် ခံထားရပါတယ်။ အဲဒီဒေသဟာ ပူပြင်းပြီး အစိုပြန်တဲ့ ရာသီဥတုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး အပူချိန်ကလည်း ၅၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက် ကျဆင်းတဲ့ အချိန်ဆိုတာ မရှိသလောက် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထူးထူးခြားခြားအဖြစ် သေမင်းတောင်ကြား တဝိုက်မှာ မိုးတွေရွာတာကြောင့် ခပ်တိမ်တိမ် ရေကန်တချို့ပါ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။

အနီးတဝိုက်မှာ နေထိုင်သူတွေကလည်း ဒီအခြေအနေကို တသက်မှာ တခါကြုံရတာမျိုးလို့ မှတ်ချက်ပေးခဲ့ပြီး ကယက်လှေတွေ၊ ရာဘာလေထိုး အရုပ်တွေ ယူဆောင်ပြီး ရေကန်တွေထဲမှာ သွားရောက် ဆော့ကစားနေတာ တွေ့ရပါတယ်။

ပုံမှန်ဆိုရင် သေမင်းတောင်ကြားဟာ တနှစ်လုံးနေလို့တောင် မိုးရေချိန် ၂ လက်မ ပြည့်အောင် မရွာပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လအတွင်း မိုးရေချိန်က ၅ လက်မနီးပါးလောက်ထိ ရောက်ရှိခဲ့ပါတယ်။ သေမင်းတောင်ကြားမှာ တည်ရှိပြီး မြောက်အမေရိက တတိုက်လုံးမှာ အနိမ့်ဆုံး နေရာလို့ သတ်မှတ်ထားတဲ့ ဘက်ဒ်ဝါးတား ချိုင့်ဝှမ်းမှာ ရေကန်တွေ ဖြစ်နေပြီး အခုအခါ အပျော်တမ်း သွားရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက် ယာယီ အပန်းဖြေဇုန် တခုလို ပြောင်းလဲလာပါတယ်။ ဘက်ဒ်ဝါးတား ချိုင့်ဝှမ်းဟာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၈၂ ပေ ပိုနိမ့်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

မိုးလေဝသ ပညာရှင်တွေကတော့ လောလောဆယ် ရေကန်တွေကို တွေ့နေရပေမယ့် သီတင်းပတ် နည်းနည်းလောက် အတွင်းမှာတင် သေမင်းတောင်ကြားက ရေတွေအားလုံး ခန်းခြောက်ပြီး အရင်လို ပြန်ပြီး ပူလောင်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီထဲမှာ အကြီးဆုံး ရေကန်တခုက ၆ မိုင် ရှည်ပြီး ၃ မိုင်ကျယ်ပါတယ်။ အဲဒီရေကန် တည်ရှိတဲ့ နေရာဟာ လွန်ခဲ့တဲ့ နှစ်တွေ ထောင်သောင်းချီ ကြာမြင့်ခဲ့ချိန်၊ ရေခဲခေတ်တုန်းကတော့ ရေကန်တခုအဖြစ် တည်ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း ဘူမိဗေဒ ပညာရှင်တွေက ပြောကြားထားပါတယ်။

 

Ref: iTV