အာဏာသိမ်းပြီးနောက် တရုတ်မယားအဖြစ် လူကုန်ကူးခံရမှု သိသိသာသာတိုးလာ

ဖေဖော်ဝါရီ၊ ၂၇
 
စစ်အာဏာသိမ်းပြီးနောက် မြန်မာအမျိုးသမီးတွေ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရမှု သိသိသာသာ ပိုတိုးလာတယ်လို့ လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့သူတွေနဲ့ တရုတ်‌ရောက် မြန်မာနိုင်ငံသားတွေက DNA ကိုပြောပါတယ်။
 
“တော်တော်များများကတော့ မိန်းကလေးငယ်ငယ်လေးတွေပေါ့၊ တရုတ်ပြည်မကြီးဘက်ကို ရောက်သွားကြတာ၊ သူတို့က အယုံလွယ်ကြတာလည်း ပါမယ်၊ ခုက တရုတ်ပြည်ထဲမှာက တရုတ်စကားတတ်ရင်တောင် နှစ်ထောင် နှစ်ထောင့်ငါးရာပဲ သိပ်တောင် မပေးချင်ကြဘူး သူဌေးတွေက၊ အဲ့ဒါကို ပိုက်ဆံဘယ်လောက်ရမယ်ဆိုပြီး ပြောတာကို ယုံကြတယ်” လို့ တရုတ်ရောက် မြန်မာအမျိုးသမီးတဦးက ပြောပါတယ်။
 
ပွဲစားတွေဟာ မြန်မာအမျိုးသမီးတွေကို တရုတ်ပြည်မှာ အလုပ်ကိုင်ကောင်းရမယ်ဆိုပြီး သွေးဆောင်ဖြားယောင်း ခေါ်ယူကာ အများစုကတော့ မူဆယ်-တရုတ် နယ်စပ်ဂိတ်ကနေ တပတ်ကဒ် (TBP)နဲ့ တရုတ်ပြည်ထဲသွားပြီး တရုတ်ပြည်ထဲကို ရောက်သွားချိန်မှ အမျိုးသမီးတွေကို တရုတ်မယားအဖြစ် လုပ်ခိုင်းတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
 
အခုနောက်ပိုင်း တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာ ဘွဲ့ရပညာတတ် အမျိုးသမီးတွေလည်း အများအပြားပါဝင်လာပြီး သူတို့အနေနဲ့ လတ်တလောကူညီကယ်ဆယ်ပေးနေဆဲ မြန်မာအမျိုးသမီးဆယ်ဦးရှိကာ သုံးဦးကို မြန်မာနိုင်ငံ ပြန်ပို့ပေးနိုင်ခဲ့ပေမယ့် ခုနစ်ဦးကိုတော့ တရုတ်ရဲတွေဘက်က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေဆဲပဲလို့ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေကို ကူညီပေးနေတဲ့ ရွှေလီရောက် မြန်မာအမျိုးသားတဦးက ပြောပါတယ်။
 
“စစ်ဆေးစရာရှိတာ စစ်ဆေးတယ်၊ ပြီးမှ ကျွန်တော်တို့ကို ကြောင်းကြားတယ်၊ နန်းတော်ပေါက်ကို သူတို့လာပို့မယ် လွှဲပြောင်းပေးမယ်၊ အဲ့မှ သူတို့ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံလူကုန်ကူးရေးတပ်ဖွဲ့က မူဆယ်ကို ထပ်ဆင့်အကြောင်းကြားတယ်၊ ပြီးမှ တရားဝင်ဂိတ်ပေါက်ကနေ လွှဲပြောင်းပေးကြတယ်” လို့ သူကပြောပါတယ်။
 
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်အရေအတွက် သန်းချီ တိုးပွားလာပြီး လူကုန်ကူးခံရနိုင်ချေဟာလည်း အရင်ကထက် ပိုပြီးမြင့်တက်လာပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ သိသိသာသာ ကျဆင်းသွားပြီး ဒေသတွင်းမှာ လူကုန်ကူးမှုအန္တရာယ် အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
လူကုန်ကူးခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်လာတာကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး တရုတ်နိုင်ငံ ဒယ်ဟုန်းခရိုင် ရဲတပ်ဖွဲ့တွေဘက်က တရုတ်မယားအဖြစ် ဆက်သွယ်ပေးတာတွေ၊ ရောင်းစားတာတွေစတဲ့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တရုတ်နိုင်ငံရဲ့ ဥပဒေစည်းမျဥ်းစည်းကမ်းအတိုင်း ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
 
“ရောင်းချခံရတဲ့ အမျိုးသမီးတွေ ရှိနေတယ်၊ ဘယ်မှာရှိနေတယ်၊ မြေပုံအတိကျနဲ့ တိုင်စာပို့ရတယ်၊ အဲ့ကျမှ သူတို့ရဲတပ်ဖွဲ့က စစ်ဆေးတယ်၊ မှန်ကန်ပြီဆိုရင် ကလေးမလေးတွေ ရောက်ရှိနေတဲ့ နေရာရဲ့ ရဲတပ်ဖွဲ့နဲ့ သူတို့ချင်း ချိတ်ဆက်ပြီးတော့ ပူးပေါင်းကယ်တင်ပေးတယ်” လို့ လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အထက်ပါအမျိုးသားက ရှင်းပြပါတယ်။
 
လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေဟာ ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေအပြင် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းက အမျိုးသမီးတွေလည်း အများအပြား ပါဝင်လာသလို အများစုကတော့ တရုတ်ပြည်မကြီးဘက်က တောတောင်တွေထဲကို ရောင်းစားခံရကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စက်ရုံအလုပ်ကောင်းရမယ်လို့ မက်လုံးပေးပြီး လိမ်လည်ခေါ်ယူခံရတာ ရှိသလို အမျိုးသမီးတွေကိုယ်တိုင်က တရုတ်လူမျိုးတွေနဲ့ အိမ်ထောင်ပြုဖို့ ကိုယ်တိုင်သဘောတူကာ လိုက်သွားပြီးမှ ထင်သလိုမဟုတ်ဘဲ ဒုက္ခကြုံရချိန်မှာ ကူညီရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်းလာကြတာမျိုးတွေလည်း ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
 
“ရောင်းစားခံရတာတော့ ကြားတော့ကြားတယ်၊ သိပ်မသိဘူး၊ ကျွန်တော်တော့ တရုတ်မယားလုပ်ချင်တဲ့ မိန်းကလေးတွေတော့ မြင်ဖူးတယ်၊ သူတို့ကိုယ်တိုင် ပိုက်ဆံယူပြီး တရုတ်မယား သွားလုပ်ကြတာလေ” လို့ ရွှေလီရောက် မြန်မာလူမျိုး အမျိုးသားတဦးက ဆိုပါတယ်။
 
လိမ်လည်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေဟာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့စည်းတွေဆီကို အွန်လိုင်းကနေတဆင့် ဆက်သွယ်အကူညီတောင်းခံလာတာရှိသလို တချို့ကတော့ ပရဟိတအဖွဲ့တွေကနေတဆင့် ဆက်သွယ်အကူညီတောင်းခံကြတာလို့ သိရပါတယ်။
 
မြန်မာအမျိုးသမီးတွေအနေနဲ့ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရပါက မိမိရောက် ရှိနေတဲ့ နေရာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ရဲစခန်း၊ ကင်းစခန်းတခုခုကို ရောက်အောင်သွားပြီး အကူညီတောင်းခံနိုင်တယ်လို့ လိမ်လည်ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အမျိုးသားက ပြောပါတယ်။
 
ဇနီးမယားလိုချင်တဲ့ တရုတ်လူမျိုးတွေအနေနဲ့ မြန်မာအမျိုးသမီးတွေကို အခုလို ငွေနဲ့ လိမ်လည်ဝယ်ယူတာဟာ တရားမဝင်ကြောင်း တရုတ်အစိုးရဘက်ကလည်း ထုတ်ပြန်အသိပေးထားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံပိုင်မီဒီယာတွေက တရုတ်မယားအဖြစ် လက်ထပ်ပေါင်းသင်းနေတဲ့ မြန်မာအမျိုးသမီးတွေ အဆင်ပြေနေကြောင်း ဝါဒဖြန့်ဖော်ပြခဲ့တာကြောင့် ပြည်တွင်းမှာ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
 
“နယ်စပ်ဒေသကို လာတော့မယ်ဆိုရင် ဘယ်နိုင်ငံကိုပဲသွားသွား မသွားခင်မှာ ကိုယ်ဘာဖြစ်နိုင်မယ် ဘယ်လောက်ထိ ကိုယ့်အတွက်လုံခြုံရေးအတွက် ဖေ့ဘုတ်ကနေဖြစ်ဖြစ် ယူကျုတွေကနေဖြစ်ဖြစ် ရှာဖွေဖတ်ရှုပြီးတော့မှ လူကုန်ကူးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လူကုန်ကူး ဖြစ်နိုင်ခြေ ဖြစ်စဥ်တွေပေါ့နော် အချက်အလက်တွေကို သေချာ‌လေ့လာပြီးတော့မှ ပွဲစားတွေရဲ့လိမ်လည်ရောင်းစားသူတွေရဲ့ အန္တရာယ်ကင်းဝေးအောင် လေ့လာမှတ်သားထားဖို့ လိုတယ်” လို့ အထက်ပါ ကူညီပေးနေတဲ့ အမျိုးသားက အကြံပြုပါတယ်။
 
တရုတ်နိုင်ငံသားအမျိုးသားတွေအနေနဲ့ သူတို့အချင်းချင်း လက်ထပ်ပေါင်းသင်းမယ်ဆိုရင် ယွမ်သုံးသိန်း (ကျပ်သိန်း ၁၅၀၀ ဝန်းကျင်) နဲ့ တင်တောင်းရလေ့ရှိပြီး မြန်မာအမျိုးသမီးတဦးကို ဇနီးမယားအဖြစ် ဝယ်ယူမယ် ဆိုရင်တော့ ယွမ်ရှစ်သောင်းလောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်အမျိုးသားဇနီးအဖြစ် သွားရောက်နေထိုင်ပေါင်းသင်းဖို့ သဘောတူလက်ခံတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း ပွဲစားတွေက ယွမ်နှစ်သောင်း (ကျပ်သိန်းရှစ်ဆယ်)လောက်သာ ဈေးဖြတ်ပေးတာ ရှိသလို အများစုကတော့ တပြားမှမပေးဘဲ လိမ်လည်ရောင်းစားလိုက်တယ်လို့ ဒီအခြေအနေတွေကိုသိတဲ့ တရုတ်ရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
“အခုက တရုတ်ပြည်မှာ အလုပ်လုပ်ချင်တဲ့လူတွေ အရမ်းများတော့ တရုတ်ပြည်မှာ အရင်က ပေးတဲ့နှုန်းကို သူတို့ မပေးချင်တော့ဘူး စျေးနည်းတယ်၊ ဒီလောက်ပေးမယ် ဟိုလောက်ပေးမယ်ဆိုတာတွေကို ချက်ချင်းမယုံနဲ့၊ အလုပ်တကယ်ရှိလို့ ခေါ်တဲ့လူတွေလည်း ရှိပါတယ်၊ဒါပေမယ့် သေချာစုံစမ်းဖို့တော့ လိုတာပေါ့” လို့ တရုတ်ရောက် မြန်မာအမျိုးသမီးတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းက ကချင်တိုင်းရင်းသူ အမျိုးသမီးတဦးဟာ တရုတ်ပြည်မှာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံနေရတယ်ဆိုတဲ့အကြောင်း DNA ကို ဆက်သွယ်အကူညီတောင်းခဲ့ပေမယ့် အဲဒီနေ့မှာပဲ အဆက်အသွယ်ပြန်ပြတ်သွားပြီး ဒီကနေ့အထိ သူ့ကိုဆက်သွယ်လို့မရသေးပါဘူး။
 
ဒါ့အပြင် တရုတ်မယားအဖြစ် လိမ်ရောင်းစားခံရတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးငယ်တဦးရဲ့ အမဖြစ်သူကလည်း ညီမဖြစ်သူကို ကယ်တင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရတော့တာကြောင့် အခက်တွေ့နေတယ်လို့ ပြောပါတယ်။
 
ဓာတ်ပုံ – Google