စစ်ခေါင်းဆောင်တွေအတွက် တခုတည်းသော အကောင်းဆုံးရွေးချယ်စရာ နည်းလမ်းကို AA စစ်ဦးချုပ်သတိပေး

ဖေဖော်ဝါရီ၊ ၂၆
 
စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်း မနက်ဖို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ခေါင်းဆောင်တွေကို သတိပေး လိုက်ပါတယ်။
 
AA စစ်ဦးစီးချုပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ တွစ်တာ လူမှုကွန်ရက်မှတဆင့် သတိပေးထားတာ ဖြစ်ပါတယ်။
 
စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပေမယ့် စစ်ကောင်စီအနေနဲ့ သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင် ကြိုးစားတာကသာ တခုတည်းသော အကောင်းဆုံးရွေးချယ်စရာ ဖြစ်လိမ့်မယ်လို့ AA စစ်ဦးစီးချုပ်က သတိပေး ရေးသားထားတာပါ။
 
ဒါ့အပြင် တပ်အချင်းချင်း တိုက်မနိုင်လို့ လက်နက်မရှိ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေဦးမယ်ဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုပါတယ်။
 
စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေပြီး မြို့များနဲ့ တပ်စခန်းတွေကို AA က ဆက်တိုက် သိမ်းပိုက်နေတာ ဖြစ်ပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီက ရန်ကုန်မှ ပြန်လာသူတွေအပါအဝင် ရခိုင်ပြည်သူများအား ဖမ်းဆီးတာ၊ စစ်ဆေးတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
 
ဓာတ်ပုံ – Social Media