မောင်တောမြို့ ရန်အောင်ပြင်စခန်းကို အေအေသိမ်းပိုက်၊ မြို့နယ်ငါးခုမှာ တပြိုင်တည်း ထိုးစစ်ဆင်နေ

ဖေဖော်ဝါရီ ၊ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရန်အောင်ပြင်နယ်ခြားစောင့်ကင်းစခန်းကို မနေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မောင်တောအပါအဝင် ပြည်နယ်မြောက်ပိုင်းက မြို့နယ်ငါးခုမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အင်အားဆယ်ချီရှိတဲ့ ရန်အောင်ပြင်စခန်းကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးနာရီနီးပါးအကြာ နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

“စခန်းသိမ်းတော့ အလောင်းတွေလည်း ရတယ်၊ တချို့ကောင်တွေ ထွက်ပြေးသွားကြတယ်ပြောတယ်၊ အခု အဲဒါတွေကို လိုက်တိုက်နေတယ်၊ အနားက စခန်းတွေကိုလည်း အကုန်လုံးကို တပြိုင်တည်း တိုက်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

မောင်တောမြို့နယ်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ မင်းပြားမြို့နယ်တို့အတွင်းမှ စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်း၊ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်နေပြီး ဆက်လက်သိမ်းပိုက်နိုင်ရေး တစိုက်မတ်မတ်ကြိုးပမ်းနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရသေ့တောင်မြို့ပေါ်ရှိ နောက်ဆုံးလက်ကျန်တပ်ရင်းသုံးခု၊ ပုဏ္ဏာကျွန်းမြို့ပေါ် နောက်ဆုံးလက်ကျန် တပ်ရင်းတခု၊ မင်းပြားမြို့နယ်အတွင်းအရှိ နောက်ဆုံးလက်ကျန် တိုင်းဗဟို(၉)လေ့ကျင့်ရေးသင်တန်းကျောင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ စကခ(၁၅)တပ်မဌာနချုပ်အထိုင်ချထားတဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှ တပ်ရင်း၊ တပ်စခန်းတွေနဲ့ မောင်တောမြို့နယ်အတွင်းမှ လက်ကျန်စခန်းတွေကိုလည်း ရက်ဆက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ဟာ ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တောမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးနဲ့ မင်းပြားမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ပြည်နယ်အလယ်ပိုင်း ရမ်းဗြဲမြို့နယ်မှာတော့ နှစ်ဖက်တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေ၊ လက်နက်၊ စစ်သည်အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ AA နဲ့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် မနေ့က ဖေဖော်ဝါရီ ၂၃ ရက်မှာ ရမ်းဗြဲမြို့အနီးရှိ ကျက်သရေရွာမှ တက္ကသိုလ်ကျောင်းသားလူငယ်တဦး ထိမှန်သေဆုံးပြီး သူရဲ့ မိဘနှစ်ဦးဟာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဉ်နဲ့ လူချတယ်၊ ရိက္ခာတွေလည်း ချတယ်၊ အတိုက်ခံရမှာစိုးလို့ လေယာဉ်ကနေရော၊ လက်နက်ကြီးနဲ့ရော တောက်လျောက်ပစ်တယ်၊ အဲဒီမှာ ရွာကို လက်နက်ကြီးကျတာ၊ အိမ်တွေလည်း မီးလောင်သွားတယ်”လို့ ရမ်းဗြဲဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာ စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ဒေသကွပ်ကဲမှုစ်ဌာနချုပ် (ဒကစ)နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ နေထိုင်တဲ့ ပြည်နယ်မြို့တော်စစ်တွေအနီးထိ ရောက်လာပြီး ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းအထိပါ ကျယ်ပြန့်လာနေပါတယ်။

တိုက်ပွဲကာလသုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောမြို့နယ် တောင်ပြိုမြို့နဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို AA က သိမ်းပိုက်၊ ထိန်းချုပ်ထားပါတယ်။

အဲဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ အရပ်သားပြည်သူတွေအပေါ် ဦးတည်တိုက်ခိုက်တာတွေ ပိုလုပ်လာနေပြီး စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးရသူ တရာကျော်နဲ့ ဒဏ်ရာရသူ သုံးရာနီးပါး ရှိခဲ့ပြီလို့ ဒေသတွင်း အချက်အလက်ကောက်ယူသူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံစခန်းတွေအားလုံးကို တခုမကျန်အောင် ဆက်လက်တိုက်ခိုက်သွားမယ်လို့ AA က ကြေငြာထားပြီး လက်နက်ချအညံ့ခံကြဖို့လည်း သတိပေးထားပါတယ်။

 Photo – AA info Desk