ဇန်နဝါရီ၊ ၂၄
အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် ရုံးစိုက်ထားတဲ့ မန္တလေးမြို့ရဲ့ မြောက်ဖက် မိုင်နှစ်ဆယ်လောက်သာ ဝေးတဲ့ မတ္တရာမြို့ကို စစ်တပ်က မနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။
မတ္တရာမြို့ရဲ့ မြောက်ဖက်မှာရှိတဲ့ ရေနံသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား ခြောက်ဆယ်လောက်နဲ့ မြို့ရဲ့ အရှေ့ဖက်ခြမ်းရှိ ကျေးရွာတွေကို လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ သေနတ်တွေနဲ့ ပစ်ဝင်လာတော့ အားလုံး ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြရတာပေါ့။ ဒီဖက်မှာ PDF တွေရှိတယ်ဆိုပြီး စစ်ကြောင်းထိုးတာလို့တော့ ပြောကြတယ်။ တနေ့ကုန်လုံး ရွာထဲဝင်သောင်းကျန်းသွားတယ် ” လို့ သူကဆိုပါတယ်။
စစ်တပ်ရဲ့ မီးရှို့မှုကြောင့် မတ္တရာမြို့ အရှေ့ခြမ်းရှိ မှော်နီကုန်းရွာက နေအိမ် ငါးဆယ်ကျော်လောက် မီးလောင်ပျက်ဆီးသွားသလို အင်းတံခါးရွာက နေအိမ်နှစ်လုံးလည်း မီးလောင်သွားတယ်လို့ သူကဆက်ပြောပါတယ်။
မတ္တရာမြို့ကို မန္တလေး-မိုးကုတ်သွား ကားလမ်းရဲ့ အရှေ့ပိုင်းကို မြို့အရှေ့ခြမ်းနဲ့ ကားလမ်း အနောက်ခြမ်းကို မြို့အနောက်ပိုင်းအဖြစ် နှစ်ခြမ်းခွဲပြီး စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ သူတို့ (စစ်တပ်) က ရွာတွေမှာ အထိုင်ချပြီး လှည့်လည်သွားလာနေတာ။ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ပေါင်းလိုက်ရင် အင်အားက နှစ်ရာပတ်ချာလည်လောက်ရှိမယ်။ တခါတလေ မန္တလေးမြို့နေ ကားနဲ့လာပြီး ပူးပေါင်းတာလည်း ရှိတယ် ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
မတ္တရာမြို့အနောက်ခြမ်းမှာ ဧရာဝတီမြစ်ရှိနေပြီး မြစ်တဖက်ကမ်းမှာတော့ လက်တလော တော်လှန်ရေးအားကောင်းနေတဲ့ စစ်ကိုင်တိုင်းအတွင်းက မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါ။
ရေကြောင်းကို အသုံးပြုပြီး စစ်ကြောင်းထိုးလေ့ရှိတဲ့ စစ်တပ်နဲ့ ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေကြား ဧရာဝတီမြစ်ကြောင်းတလျှောက် မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေလေ့ရှိတယ်လို့ အဲဒီဒေသခံ အမျိုးသားက ဆိုပါတယ်။
အလားတူပဲ မတ္တရာမြို့အရှေ့ခြမ်းရှိ ကျေးရွာတွေကလည်း မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်မြို့တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အဲဒါကြောင့်လည်း စစ်တပ် တောင်ကုန်းတွေပေါ်မှာ အခြေချပြီး အဲဒီနယ်မြေတဝိုက်ကို စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ရေးအရ အရေးပါတာ ဘာညာတွေတော့ မပြောလိုပါဘူး။ ဒါပေမယ့် ကျနော်တို့မြို့က အရင်ကတည်းကလည်း တော်လှန်ရေး အားကောင်းတယ်လေ။ အဲဒါကြောင့် ဖိတယ်လိုပဲ ထင်ပါတယ် ” လို့ မတ္တရာမြို့နယ်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာလည်း မတ္တရာမြို့အရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းတပ် (TNLA) တို့ကြား ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မိုးကုတ်နဲ့ နောင်ချိုမြို့တွေမှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ မန္တလေးတိုင်းအတွင်းထဲ ကူးစက်မလာနိုင်အောင် စစ်တပ်က အဲဒီမြို့တွေနဲ့ နီးကပ်မှုရှိတဲ့ မတ္တရာမြို့ကို ခြေကုပ်ယူနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက သုံးသပ်ပါတယ်။
“ ရှမ်းမြောက်က တော်လှန်ရေး အင်အားစုတွေကလည်း မတ္တရာတဆင့် စစ်ကိုင်းတိုင်းကို မြစ်ကူးပြီး ပေါင်းစည်းသွားလို့ရတယ်။ မန္တလေးကို ဝင်မယ်ဆိုရင်လည်း သူကလမ်းပိုင်းအရ အဝင်အထွက်ကောင်းတယ်လေ။ အခုလည်း မတ္တရာက တော်လှန်ရေးအဖွဲ့တွေ အားကောင်းတော့ သူတို့အသည်းအသန် ဖိနေတာပေါ့ ” လို့ သူကသုံးသပ်ပါတယ်။
ဓာတ်ပုံ – Social Media