နိုဝင်ဘာ၊ ၁၃
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ရှိနေတာကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပညစ်ရွာက ရွာခံတွေ နီးစပ်ရာတောတောင်တွေထဲ ရွာလုံးကျွတ်ရှောင်တိမ်းနေကြရတာ နိုဝင်ဘာ ၁၃ ရက်ဒီကနေ့ဆိုလေးရက်အထိ ရှိလာပြီလို့ ရွာခံတွေကပြောပါတယ်။
“တောထဲမှာ အိပ်နေရာတာက သုံးညရှိသွားပြီ။ တာလပတ်တွေ ချပြီး ခြင်ဆေးခွေနဲ့ အိပ်ရတာပဲ။ ဆန်တွေယူလာတာ ထမင်းလည်းမချက်စားရဲဘူး။ ပါလာတဲ့ ရေနဲ့ မုန့်ပဲ စားပြီး နေနေရတယ်” လို့ ရှောင်တိမ်းနေရတဲ့ ပညစ်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပညစ်ရွာနဲ့ နှစ်မိုင်ခန့်အကွာ ကရင်ကြီးကျေးရွာဘက်ကို အခုလ ၉ ရက်ရက်မှာ စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပညစ်ရွာခံ လေးရာဝန်းကျင် နီးစပ်ရာ တောတောင်တွေထဲ ကြိုတင်တိမ်းရှောင်ခဲ့ကြတာပါ။
“အဲဘက်(ကရင်ကြီးရွာ)မှာ ဖြစ်တာနဲ့ ပညစ်ဘက် စစ်ကြောင်းထိုးလာမယ်ဆိုတာသိတယ်လေ။ ရွာထဲမှာ ဘယ်သူမှမကျန်ဘူးရှောင်ကြတာက၊ ကြိုရှောင်ထားကြတော့ ဖမ်းခံရတာ၊ သတ်ခံရတာတွေ မရှိဘူး” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ကရင်ကြီးရွာဘက်တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတာရှိသလို PDF ဘက်ကလည်း တဦးကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲတွေအပြီး နိုဝင်ဘာ ၁၂ ရက်၊ မနေ့ညနေပိုင်းကတော့ အင်အား ခြောက်ဆယ်ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ပညစ်ရွာထဲရောက်လာခဲ့ပြီး နေအိမ် ခြောက်လုံးထက်မနည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညနေပိုင်းက လေးလုံး၊ ဒီနေ့ မနက်က နှစ်လုံးရှို့တာ၊ ရှို့တာက ရမ်းရှို့တာပဲ။ လူမနေတဲ့အိမ်တွေပါ ပါသွားတယ်” လို့ ပညစ်ရွာခံ အမျိုးသားတဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီကနေ့ မနက် ဆယ်နာရီလောက်မှာတော့ ပညစ်ရွာထဲကနေ ထွက်ခွာသွားပြီး လက်ရှိမှာတော့ ပညစ်ရွာနဲ့ လေးမိုင်ခန့်အကွာ လောင်းလုံးမြို့ပေါ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
“မနက်က ပြန်ထွက်သွားတာသိတယ်။ စိတ်မချရသေးတော့ ရွာထဲပြန်မဝင်ရဲကြသေးတာ။ဒီညလည်း တောထဲမှာ ထပ်အိပ်ချင်အိပ်ရမှာ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ပင်လယ်ကမ်းနားရွာတရွာဖြစ်တဲ့ ပညစ်ကျေးရွာထဲကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းကလည်း ပညစ်ကျေးရွာအနီး တောတောင်တွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က PDF စခန်းတခုကို သိမ်းပိုက်ခဲ့ပါသေးတယ်။