တော်လှန်ရေးမှာ ပြည်သူတွေ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့တဲ့ လောင်းလုံမြို့နယ်က တော်လှန်ရေးသပိတ်

Photo – Rosy Women’s Union

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဒီကနေ့ မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ မတရားတဲ့ အမိန့်မှန်သမျှကိုဖီဆန်ပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပူးပေါင်း ပါဝင် ဖို့အတွက် စည်းရုံးတဲ့အနေနဲ့ အခုလို သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂအဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။

“ဒီလိုလှုပ်ရှားမှုတွေကြောင့် တော်လှန်ရေးမှာပါဝင်လာတဲ့သူတွေရှိတယ် ၊ ဒေသခံပြည်သူတွေအနေနဲ့ ကိုယ် တိုင်သပိတ်ထွက်မလိုက်ပေမဲ့ သပိတ်စစ်ကြောင်းကိုတွေ့ရင် လက်သုံးချောင်းထောင်ပြီး ဝန်းရံတာ တွေ လည်းရှိတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုမကို နှင်းဆီရောင်အမျိုးသမီးများအဖွဲ့ ၊ LGBT အဖွဲ့တွေနဲ့ အခြေခံပညာကျောင်းသူကျောင်း သားနဲ့ လူငယ်အဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထားဝယ်ခရိုင်အတွင်းမှာ အခုလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုနှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) အပါအဝင် ဒေသတွင်းအဖွဲ့ အစည်းတချို့ပူးပေါင်းပြီး အဆက်မပြတ်လုပ်ဆောင်နေတာပါ။

ထားဝယ်ခရိုင်၊ကံပေါက်ဒေသမှာလည်း ထားဝယ်ခရိုင် ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ကြောင့် ရဲဘော်လေးဦးကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ​ “တော်လှန်ကြယ်နီ တွေကို အမှတ်ရကြ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို စက်တင်ဘာလ (၂၈) ရက် မနေ့က ပြုလုပ်ခဲ့ပါသေးတယ်။