ဂါဇာကို သိမ်းယူမှာ မဟုတ်ပေမယ့် လက်နက်ကိုင်တွေ မရှိအောင် ရှင်းလင်းမှာဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ပြော

နိုဝင်ဘာ၊ ၁၁

အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသကို နောက်တကြိမ် ထိန်းချုပ် သိမ်းပိုက်ထားဖို့ လုံးဝ အစီအစဉ် မရှိကြောင်း ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

 လက်ရှိ ဆင်နွှဲနေတဲ့ ထိုးစစ်တွေဟာ ဂါဇာမှာ ဟားမားစ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ကို အပြီးသတ် ရှင်းလင်းပြီး လက်နက်ကိုင် အင်အားစု ကင်းရှင်းတဲ့ နယ်မြေတခုအဖြစ် ဖန်တီးဖို့သာ ရည်ရွယ်ထားတယ်လို့ နေတန်ယာဟူက ဆိုပါတယ်။ အစ္စရေးရဲ့ စစ်ပွဲအပြီးမှာ ဂါဇာအနေနဲ့ စစ်သွေးကြွ ကင်းစင်တဲ့ နယ်မြေတခုအဖြစ် ပြန်လည် ထူထောင် တည်ဆောက်ယူရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

 ပါလက်စတိုင်း နယ်မြေ တခုဖြစ်တဲ့ ဂါဇာဟာ တချိန်က အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာ အစ္စရေးတပ်တွေ ပြန်လည် ရုပ်သိမ်း ထွက်ခွာခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ အစ္စရေးရဲ့ ရန်သူတော် ဟားမားစ်တွေက ဂါဇာကို ထိန်းချုပ်သွားခဲ့တာပါ။

 နေတန်ညာဟုက အစ္စရေးဟာ ဂါဇာကို သိမ်းပိုက်ဖို့ ဆန္ဒမရှိကြောင်း၊ အဲဒီအစား ဂါဇာရော၊ အစ္စရေး အတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ်မျိုး ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ကြောင်း၊ အဲဒီအတွက် ဟားမားစ်တွေကို အပြီးတိုင် ချေမှုန်းဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

 တဖက်မှာတော့ ဂါဇာ ဒေသခံတွေက အစ္စရေးဟာ ကိုယ်ထိလက်ရောက် ဝင်မအုပ်ချုပ်တာကလွဲရင် ဒေသတခုလုံးရဲ့ နယ်စပ်တွေကို ပိတ်ပင် ထိန်းချုပ်ထားတာကြောင့် သိမ်းပိုက်ခံထားရတာနဲ့ မခြားဘူးလို့ ယူဆထားကြပါတယ်။ အစ္စရေးဟာ ဂါဇာမှာ ဟားမားစ်တွေ အာဏာရလာချိန် ကတည်းက အဓိက ကုန်သွယ်ရေး ဝင်ပေါက် အားလုံးကို ကုန်းကြောင်း၊ ရေကြောင်းကနေ ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။