ကော့ကရိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတဦး ဒဏ်ရာရ၊ နေအိမ်ပျက်စီး

နိုဝင်ဘာ၊ ၁၀
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက အံဖကြီးရွာထဲက နေအိမ်တအိမ်ပေါ် ဒီကနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သက်လတ်ပိုင်းအမျိုးသမီးတဦး ဒဏ်ရာရသလို နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
“ ဘုရားရှိခိုးနေတာလို့ ပြောတယ်၊ သက်လတ်ပိုင်း အမျိုးသမီးပဲ၊ အိမ်လည်း တော်တော်ပျက်စီးသွားတယ်၊ အခုကတော့ ဆေးရုံသွားနေတယ် ” လို့ ထိခိုက်မှု အခြေအနေကို သိတဲ့ ကော့ကရိတ်ဒေသခံတဦးက ပြောပါတယ်။
 
လက်နက်ကြီးကျည်ထိလို့ ဒဏ်ရာရသွားတဲ့ အမျိုးသမီးရဲ့ အမည်၊ အသက် စတဲ့အသေးစိတ်အချက်အလက်တွေ မသိရသေးသလို ဒဏ်ရာအခြေအနေကိုလည်း တိတိကျကျ မသိရသေးပါဘူး။
 
အံဖကြီးရွာဟာ ကော့ကရိတ်မြို့တောင်ဘက် ငါးမိုင်ကျော်မှာရှိပြီး ဒီကနေ့ ရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့တောင်ဘက်အထွက် လှိုင်ဝရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ သူကပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်က ဒီကနေ့ နေ့လယ်ပိုင်းမှာ ၁၅၅ မမ လက်နက်ကြီးကျည် သုံးချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တလုံးက အံဖကြီးရွာထဲ ကျခဲ့တာလို့ သိရပါတယ်။
 
လတ်တလောရက်ပိုင်းအတွင်း ကော့ကရိတ်မြို့တဝိုက်မှာ ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာမျိုး မရှိပေမယ့် လက်နက်ငယ်ပစ်ခတ်သံအပြင် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကတော့ မကြာခဏ ရှိနေတယ်လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။
 
“ ပစ်ခတ်တာတွေကတော့ မနေ့က တော်တော်များတယ်၊ လက်နက်ငယ်သံတွေ ကြားရတာ ပေါ့၊ ပြီးတော့ လက်နက်ကြီးပစ်တယ်၊ ဒီနေ့ နေ့လယ်တခါ ထပ်ပစ်တာ၊ မနေ့ညကတော့ လေယာဉ်လည်း လေးငါးခေါက်လောက်ဝဲတယ် ” လို့ သူကဆိုပါတယ်။
 
ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်း၊ မကွေး စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ တော်လှန်ရေးတပ်တွေဘက်က တပြိုင်တည်း ထိုးစစ်တွေ စတင်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းနဲ့ အခုဆန်းတွေအတွင်း ကော့ကရိတ်မြို့နယ်မှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ကြပါသေးတယ်။
 
အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်ထိခိုက်ပျက်စီးမှုတွေ မကြာမကြာ ဖြစ်လေ့ရှိပါတယ်။
 
အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ လကုန်အထိ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၁၆၀၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၁၄၀ ဦး သေဆုံးကာ ၄၆၂ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကအခုလအတွင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးခန်းနဲ့ နေအိမ်တွေ အပါအဝင် ပြည်သူပိုင် အဆောက်အအုံ ၁၇၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – CJ