အမေရိကန် စစ်တပ်ရဲ့ ဒရုန်းတစီးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက ပစ်ချခဲ့ကြောင်း သိရပါတယ်။
ဒရုန်း ပစ်ချခံရမှုကို အမေရိကန် စစ်ဘက်ကရော၊ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီ သူပုန်တွေကပါ အသီးသီး အတည်ပြုခဲ့ကြပါတယ်။
အမေရိကန် စစ်ဘက် အရာရှိ တဦးက စွမ်းဆောင်ရည်မြင့် MQ9 Reaper ဒရုန်းတစီးဟာ ယီမင်ကမ်းရိုးတန်းမှာ ပျံသန်းနေချိန် အခုသီတင်းပတ်ထဲမှာ ဟိုသီတွေ ပစ်ချမှုကြောင့် ပျက်ကျသွားကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဟိုသီတွေကလည်း အဲဒီသတင်းကို သီးခြား အတည်ပြုခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတွေ ဂါဇာကမ်းမြှောင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပိုမို ကျယ်ပြန့်မလာအောင် တားဆီးဖို့အတွက် အမေရိကန်က အရှေ့အလယ်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားပြီး အီရန်က အားပေးတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုကိစ္စ ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့ လတုန်းကလည်း ဟိုသီတွေက အစ္စရေးဖက်ကို ချိန်ရွယ် ပစ်ခတ်လိုက်တဲ့ ခရုစ် ဒုံးကျည်တွေနဲ့ ဒရုန်းတချို့ကို အမေရိကန် ရေတပ် စစ်သင်္ဘော တစီးက ကြားဖြတ် ဟန့်တား ပစ်ချခဲ့ဖူးပါတယ်။
ဟိုသီတွေဟာ အီရန်ရဲ့ ငွေကြေး၊ လက်နက် ထောက်ပံ့ပေးမှုကို ရရှိထားပြီး နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရအပြင် အီရန်ရဲ့ ပြိုင်ဘက် ဆော်ဒီအာရေးဘီးယားနဲ့ပါ ၂၀၁၄ ခုနှစ် ကတည်းက ရှည်လျားတဲ့ စစ်ပွဲကို ဆင်နွှဲနေခဲ့ပါတယ်။ ယီမင်မှာ ပြည်တွင်းစစ် စတင်ပြီး မကြာခင်မှာပဲ ဟိုသီတွေက မြို့တော် ဆာနားကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ယီမင် အစိုးရဟာ အေဒန်မြို့မှာ ပြောင်းရွှေ့ အခြေစိုက်ထားရပါတယ်။