နိုဝင်ဘာ၊ ၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာကို နိုဝင်ဘာလ ၆ ရက်၊ မနေ့ည ၉ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
” ရွာထဲပဲ ထုနေတော့ ခုလ သေတာများပြီ။ ပိုက်ဆံရှိတဲ့သူတွေတော့ မြို့ပေါ်ရှောင်ကြတာ ကြာပြီလေ။ ရွာကနေ မရှောင်နိုင်တဲ့သူတွေ ခံနေရတာပေါ့ ” လို့ အမည်မဖော်လိုသူ လက်ပံချောင်းဒေသခံတဦးက ပြောပါတယ်။
ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် ကိုလာလ်ရမ်းချန်းအာ (Pu Lalramchhana ) ဆိုသူဖြစ်ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့ သားတဦး ကျန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုသေဆုံးမှုဟာ နိုဝင်ဘာ ၄ ရက်၊ ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာက အမျိုးသမီးနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် လေးရက်အတွင်း ဒုတိယမြောက်သေဆုံးမှုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မနေ့က နေ့လယ်ခင်းမှာလည်း လက်ပံချောင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံး ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြို့အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာပါ။ အဲဒီလိုပစ်ခတ်ရာမှာ ခုလဆန်းပိုင်းအတွင်း ကလေးမြို့ အနောက်မြောက်ပိုင်း မောက်လင်း၊ လက်ပံချောင်းဘက်တွေကို အဓိကပစ်ခတ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာလဆန်းပိုင်းအတွင်း လက်ပံချောင်းကျေးရွာက အရပ်သား သုံးဦး၊ ဥယျာဉ်ကျေးရွာက အရပ်သား တဦး စုစုပေါင်းလေးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။
အာဏာသိမ်းချိန်ကနေ နိုဝင်ဘာလ ၆ ရက်အထိ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေ လက်ချက်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပေါင်း ၄,၁၇၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Social Media