နိုဝင်ဘာ၊ ၄
စစ်ကိုင်းတိုင်း၊ကလေးမြို့အရှေ့တောင်ဘက် မြစ်သာမြစ်အရှေ့ဘက်ကမ်းက ဥယျာဥ်ရွာကျေးရွာမှာ မနေ့က ည ပိုင်းက ၁၂၀မမ လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
“မြို့ပေါ်ကနေ ညနေမှောင်စပျိုးကတည်းကထုနေတာ၊ဥယျာဥ်ရွာကိုကျပြီး တယောက်ဗိုက်ပွင့်သေတယ်၊ ဘာမ ဆိုင် ဘဲလည်းလျှောက် ရမ်းထုနေတာ” လို့ ကလေးမြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။
ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က ဥယျာဉ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူဟာ ကလေးနှစ်ယောက်မိခင်တဦးဖြစ်တဲ့ ဒေါ်ပူးလေးဆိုသူဖြစ်တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဥယျာဥ်ကျေးရွာက နွားတကောင်နဲ့မြင်းတကောင်လည်း ထိမှန် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
မနေ့ညက စစ်ကောင်စီရဲ့လက်နက်ကြီးကျည်တွေဟာ ထိုမာရွာ၊အင်းကျော်ရွာဝန်းကျင်တွေကိုလည်း ကျရောက် ပေါက်ကွဲခဲ့ပေမယ့် အဲ့ဒီရွာတွေဘက်မှာတော့ ရွာထဲတိုက်ရိုက်ကျတာမရှိလို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတဲ့ အောက်တိုဘာလ ၂၇ ရက်ကတည်းက ညစဥ်ညတိုင်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပိုမိုပစ်ခတ်နေသလို စစ်ဆေးမှုတွေ လည်းပိုလုပ်လာတယ်လို့ မြို့ခံ တွေက ပြောကြပါတယ်။
“ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာအရ တက်မလာအောင်နှိမ်တဲ့သဘော၊ခုမြို့နယ်တွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာပြီဆိုတော့ ပိုဆိုးလာနိုင်တယ်” လို့ ကလေးမြို့နယ် ဒေသခံ အမျိုးသားတဦးကပြောပါတယ်။