အောက်တိုဘာ၊ ၃၀
မက္ကဆီကို နိုင်ငံမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၅၀ နီးပါးထိ မြင့်တက်လာကြောင်း သိရပါတယ်။
ကမ်းရိုးတန်း မြို့တမြို့ဖြစ်တဲ့ အကာပူလ်ကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က Category 5 အဆင့် ဟာရီကိန်း မုန်တိုင်းကြီး အိုတစ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ ထင်ရှားတဲ့ အပန်းဖြေ ကမ်းခြေစခန်း တခု တည်ရှိရာ မြို့မှာ မုန်တိုင်းအပြီး ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ပျောက်ဆုံးနေသူ ၆ ဦးထက်မနည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်ထိ အခြေအနေအရ ဟာရီကိန်း အိုတစ်ကြောင့် သေဆုံးသူ ၄၈ ဦးထက်မနည်း ရှိလာပြီး နောက်ထပ် ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ မုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ ၂၆၆ ကီလိုမီတာနှုန်းထိ အားပြင်းခဲ့ပြီး ကမ်းရိုးတန်းတလျှောက် အိမ်တွေ၊ ဟိုတယ်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို ပျက်စီးစေခဲ့ပါတယ်။ ပြီးတော့ ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေလည်း ပြတ်တောက်ကုန်ပါတယ်။
မုန်တိုင်းအပြီး မြို့ထဲမှာ မသမာသူတွေရဲ့ လုယက်မှုတွေပါ ထူပြောလာတာကြောင့် အစိုးရက တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ မက္ကဆီကို စစ်တပ်ကိုပါ စေလွှတ်ပြီး ဖြန့်ကျက်ထားရပါတယ်။
မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒေါက သူ့ရဲ့ အစိုးရ အဖွဲ့ဝင် တော်တော်များများဟာ အကာပူလ်ကိုက ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဖို့ ကွင်းဆင်း သွားရောက်နှင့်ကြပြီလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း စစ်တပ်နဲ့ ရဲအင်အား ထောင်ဂဏန်းလောက်ကို မြို့ထဲ ဖြန့်ကျက် ပို့ဆောင်ဖို့ ကိစ္စတွေကို ကိုယ်တိုင် ကြီးကြပ်နေတယ်လို့ သမ္မတက ဆိုပါတယ်။
အကာပူလ်ကိုမြို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်နိုင်အောင် မြို့ခံ ပြည်သူတွေကနေတဆင့် အစပြု ကူညီကြရမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
ဟာရီကိန်း အိုတစ်ကြောင့် မြို့ထဲမှာ ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ ဒေါ်လာ ၁၅ ဘီလီယံထက် မနည်း ရှိလိမ့်မယ်လို့ စီးပွားရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒေသခံတွေက မုန်တိုင်းအပြီး ရက်ပိုင်းလောက် ကြာလာတဲ့ထိ အစိုးရနဲ့ အာဏာပိုင်တွေဆီက ထောက်ပံ့ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း နှေးကွေးနေတဲ့အပေါ် ဝေဖန်နေကြကြောင်းလည်း သိရပါတယ်။
Ref: CNA