အောက်တိုဘာ၊ ၁၆
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက စစ်ဆင်ရေးတွေမှာ ရုရှားတပ်တွေ အသာစီး ရနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြွေးကြော်လိုက်ပါတယ်။
ဒွန်းဘက်စ်ခ် ဒေသနားက စက်မှုရပ်ဝန်း တခုလို့ ဆိုနိုင်ပြီး လတ်တလောမှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အက်ဗ်ဒစ်ဗ်ကာမြို့ အပါအဝင် ယူကရိန်း အရှေ့ပိုင်းက စစ်မျက်နှာတွေမှာ ရုရှားတပ်တွေက သိသာတဲ့ တိုးတက်မှု ရလဒ်တွေ ပိုင်ဆိုင်နေတယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ ရုရှား ရုပ်မြင်သံကြား ဌာနတခုကို ပူတင်က ပြောကြားခဲ့ပါတယ်။
သက်ဆိုင်ရာ စစ်နယ်မြေတွေမှာ ရုရှားတပ်တွေဟာ သူတို့ရဲ့ ထိန်းချုပ် နယ်မြေတွေကို အစဉ်တစိုက် ချဲ့ထွင်နေနိုင်ကြောင်း၊ ကူပင့်စ်ခ်၊ ဇာပိုရစ်ဇီရာနဲ့ အက်ဗ်ဒစ်ဗ်ကာ ဒေသတွေ အားလုံးမှာ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေကြောင်း ပူတင်က ဆိုပါတယ်။ သူက ရုရှားစစ်တပ်ရဲ့ တက်ကြွတဲ့ ကာကွယ်ရေး မဟာဗျူဟာတွေကိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။
ယူကရိန်း အစိုးရကတော့ နိုင်ငံအရှေ့ပိုင်းက စစ်ဆင်ရေးတွေရဲ့ အခြေအနေအပေါ် တိတိကျကျ ဘာမှ မပြောပေမယ့် အက်ဗ်ဒစ်ဗ်ကာ တဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အက်ဗ်ဒစ်ဗ်ကာဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းရဲ့ ခုခံစစ်ဗျူဟာအတွက် စံပြုနယ်မြေတခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ တုန်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး ပြောက်ကျားတွေက အက်ဗ်ဒစ်ဗ်ကာကို ခဏတာ သိမ်းပိုက်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ယူကရိန်းက ပြန်ထိန်းချုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်မလာခင် ကတည်းက ခွဲထွက်ရေး ပြောက်ကျားတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို မြို့က ကြံ့ကြံ့ခံခဲ့ရပါတယ်။
ရုရှားတပ်တွေဟာ အခုအခါမှာ အက်ဗ်ဒစ်ဗ်ကာရဲ့ အရှေ့ဖက်၊ မြောက်ဖက်နဲ့ တောင်ဖက် နယ်စပ်တွေကို ထိန်းချုပ်ထားပြီး ဒွန်းဘက်စ်ခ်ပြည်နယ်ထဲက ယူကရိန်းတပ်တွေကို တိုက်ထုတ်ဖို့ အရှိန်မြှင့် ကြိုးစားနေကြောင်း သိရပါတယ်။
Ref: Moscow Times