ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၉၀ ကျော်ကို စွဲချက်တင်ထားတယ်လို့ ရုရှား ပြောဆို

Photo – Twitter

ရုရှားဟာ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ၉၂ ဦးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲ Alexander Bastrykin က ပြောဆိုလိုက်ပါတယ်။

ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုပေါင်း ၁၃၀၀ ကျော်ကို စတင်နေပြီဖြစ်ပြီး  စွဲချက်တင်ခံထားရသူ ၉၂ ဦးအပြင် နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့မှူး ၅၁ ဦးအပါအဝင် လူ ၉၆ ဦးကိုလည်း အလိုရှိနေတယ်လို့  Bastrykin က ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံသားတွေဟာ လူသားမျိုးနွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့လည်း သူက ဆက်လက် ပြောဆိုထားပါတယ်။

ယူကရိန်းကတော့ ဖေဖော်ဝါရီလစပြီး ရုရှားတပ်ဖွဲ့တွေကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ရန်လိုတဲ့ကျူးလွန်မှုပေါင်း ၂၁,၀၀၀ ကျော်ကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မေလမှာပဲ ယူကရိန်းတရားရုံးတစ်ရုံးက ရုရှားတင့်ကားတပ်မှူးတစ်ဦးကို ပထမဆုံး စစ်ရာဇဝတ်မှုအဖြစ် ရုံးတင်စစ်ဆေးခဲ့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

Alexander Bastrykin ဟာ အီရန်၊ ဆီးရီးယားနဲ့ ဘိုလီးဗီးယား အပါအဝင် ရုရှားရဲ့အစဉ်အလာ မဟာမိတ်နိုင်ငံတွေက ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာခုံရုံး ဖွဲ့စည်းဖို့ကိုလည်း အဆိုပြုခဲ့ပါသေးတယ်။

ဆီးရီးယားနဲ့ အီရန်နှစ်နိုင်ငံစလုံးက မတ်လမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေဖြစ်ပြီး ဘိုလီးဗီးယားကတော့ ကြားနေခဲ့တာဖြစ်ပါတယ်။

ဇွန်လတုန်းက ယူကရိန်းနိုင်ငံအတွက် တိုက်ပွဲဝင်နေရင်း ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားနှစ်ဦးနဲ့ မော်ရိုကိုတစ်ဦးတို့ကိုလည်း ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့  ရုရှားတရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

သေဒဏ်ပေးခံခဲ့ရတဲ့ စစ်သား ၃ ဦးဟာ ကြေးစားစစ်သားတွေအဖြစ် စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ဗြိတိန်မိသားစုတွေဘက်ကတော့ သူတို့ဟာ ယူကရိန်းစစ်တပ်မှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားတာဖြစ်ပါတယ်။