ပဲခူး ရေဘေးသင့် ပြည်သူတွေ ပြည်သူချင်း ထောက်ပံကူညီမှုကိုသာ အားထားနေရ

အောက်တိုဘာ၊ ၁၀

ပဲခူးမြို့ရေဘေးသင့်နေတဲ့ ကာလအတွင်း ပြည်သူအချင်းချင်း ထောက်ပံ့ကူညီမှုတွေကိုပဲ အားထား ဖြတ်ကျော် နေရတယ်လို့ ရေဘေးကြုံနေရသူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက DNAကိုပြောပါတယ်။

ဒီကနေ့အထိ ရေဘေးကြောင့်ဒေသခံတွေဒုက္ခရောက်နေတဲ့ လေးရက်တာအတွင်း စစ်ကောင်စီဘက်ကထိရောက် တဲ့ကူညီထောက်ပံ့မှုတွေမပေးနိုင်သလို အရေးတယူလည်းရှိမနေဘူးလို့ပဲခူးမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ခေါင်း ဆောင်တဦးကပြောပါတယ်။

“ဒါကနိုင်ငံတော်အဆင့်ကပ်ဘေးကိစ္စလေ၊သဘာဝဘေးရန်ပုံငွေတွေဘယ်ရောက်ပြီးဘယ်လောက်သုံးလဲကအစ မေးခွန်းထုတ်စရာဖြစ်နေပြီ၊အခုလူမှုအဖွဲ့တွေကနီးစပ်ရာအကူညီတွေနဲ့အားစိုက်နေလို့သာအခြေအနေကဒီ လောက်ခုသာခံသာရှိတာ၊စကစ အကူညီသာစောင့်နေရင် ဒီမြို့ခံတွေဘဝတွေးတောင်မတွေးရဲဘူး”လို့သူက ဆိုပါ တယ်။

လက်ရှိပဲခူးမြို့ဟာ သမိုင်းတလျှောက်အဆိုးဆုံး ရေလွှမ်းမိုးမှုဒဏ်ခံနေရပြီး မြို့တဝက်ကျော်လောက်ကနေအိမ် တွေရေနစ်မြုပ်နေသလို လူဦးရေသောင်းချီ ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေသုံးသောင်း လောက်ခိုလှုံနေရတယ်လို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

“အခုအထိကိုအကူအညီတောင်းတာတွေ မပြတ်ဘူး၊ရသလောက်ကူညီဆောင်ရွက်နေကြတာပဲ၊ တပြိုင်တည်းလို ဖြစ်သွားတော့ လွှမ်းခြုံနိုင်မှုက ခက်နေတယ်”လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ လင်းလက်ကြယ် လူမှုကူ ညီရေးအဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

လက်ရှိရေဘေးသင့်နေတဲ့ ပဲခူးမြို့မှာ အနယ်နယ်အရပ်ရပ်က လူမူကူညီရေးအဖွဲ့တွေ၊ စေတနာရှင် လုပ်အား ပေး အဖွဲ့တွေ၊ ကူညီထောက်ပံ့ရေးအဖွဲ့တွေလာရောက်ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမီးသတ်ဌာနကတော့ တပ်ဖွဲ့ဌာနချုပ်က ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင် သုံးဆယ်ကျော်၊ ပဲခူး တိုင်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၃၈ဦးနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်း တွေလုပ် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဲခူးမြို့ရေကြီးမှုကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ လူကယ် ပြန်ဝန်ကြီးတို့ ကြီးကြပ်စီမံနေကြသလို လှည်းကူး၊ မှော်ဘီတို့ဘက်မှာလည်း  ရန်ကုန်တိုင်း  ဝန်ကြီးချုပ် ဦးဆောင်ကြီးကြပ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကလည်း ဝါဒဖြန့်ဖော်ပြထားပါတယ်။

ကိုယ်တိုင်ရေဘေးသင့်နေတဲ့ ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်မှာနေထိုင်သူတဦးကတော့ စစ်ကောင်စီဟာ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးမှုတွေမလုပ်ခဲ့သလို၊ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေထိထိ ရောက်ရောက်လုပ်တာလည်းမရှိဘူးလို့ ဝေဖန်ပါတယ်။

“ဘာမှကြိုတင်အသိပေးတာမရှိသလို၊ရေဘေးကြုံရတော့လည်း ဒီအတိုင်းပစ်ထားတယ်၊ ဒါနဲ့များသူတို့က အစိုးရ လုပ်ချင်သေးတယ်”လို့ သူကဆိုပါတယ်။

ရေလွှမ်းမှုကြောင့် နေအိမ်တွေထဲပိတ်မိနေသူတွေကို ထမင်းဟင်းတွေ ထုပ်ပိုး ဝေငှကြရာမှာ စားသုံးမယ့်သူလက် ထဲရောက်ချိန် သိုးနေတာမျိုးတွေလည်းရှိတတ်တာကြောင့် သတိပြုစီမံပေးကြဖို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေ က ပြောပါတယ်။

ပဲခူးမြို့အပြင်နဲ့ မြို့တွင်းရေလွတ်ရာ နေရာတွေမှာတော့ကုန်တင်ယာဥ်တွေနဲ့ စက်သုံးဆီတင် ယာဥ်စီး ရေရာနဲ့ချီ ပိတ်မိနေကြပါတယ်။

ဒီကနေ့မှာ ပဲခူးမြို့အတွင်း ရေအနည်းငယ်ပြန်ကျလာပေမယ့် ဆည်ကျိုး၊သမန်ကျိုးနဲ့ ရေဖောက်ချတဲ့ သတင်း တွေ ကြောင့်စိုးရိမ်ပြီး ကုန်းမြင့်ပိုင်းပြောင်းတာ၊ ရန်ကုန်ဘက်တိမ်းရှောင်သွားကြတာတွေလည်းရှိနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒါ့အပြင် ရေလွှမ်းမိုးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားသလို ဖုန်းလိုင်းတွေပြတ်တောက်တာ၊ဖုန်းအားမရှိ တော့တာမျိုးတွေကြောင့် အဆက်အသွယ်ပြတ်တောက်နေသူတွေလည်းရှိတယ်လို့သိရပါတယ်။