စက်တင်ဘာ၊ ၁၃
အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဧရာဝတီတိုင်း စစ်ကောင်စီတပ်ဟာ နည်းအမျိုးမျိုးနဲ့ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ဒေသတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ သူတွေထံက သိရပါတယ်။
မိဘမဲ့ဂေဟာ နဲ့ လမ်းပေါ်မှာ လေလွင့်သွားလာနေတဲ့ လူငယ်တွေကို စစ်တပ်ထဲ အတင်းအကြပ် ဝင်ခိုင်းတာ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းတာအပြင် စက်တင်ဘာလ ပထမပတ်အတွင်းက အရပ်ဘက်ဌာန ဝန်ထမ်းတွေကို စစ်သင်တန်း တက်ပြီး စစ်မှုထမ်းပါ့မယ် ဝန်ခံလက်မှတ် ထိုးခိုင်းထားတယ်လို့ ဆိုပါတယ်။
“ အထက်က ညွှန်ကြားချက်အရ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေက ဖောင်ကြီးမှာ စစ်သင်တန်း မဖြစ်မနေ တက်ရမယ်၊ လိုအပ်ရင် စစ်တိုက်ပေးပါ့မယ် ဝန်ခံလက်မှတ် ထိုးမှ ရာထူးတိုးကိစ္စ စဉ်းစားဆောင်ရွက်ပေးမယ် ” လို့ ဧရာဝတီတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ပြီး စက်တင်ဘာ လဆန်းပိုင်းအထိ စစ်ကြောင်းကြီး ငါးကြောင်း အသွင်နဲ့လည်း ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ စည်းရုံးစုစည်းတာတွေလည်း လုပ်ခဲ့ပါသေးတယ်။
စစ်ကြောင်းကြီး ငါးကြောင်းမှာ ပါလာတဲ့ စစ်ဒေသမှူး နဲ့ ဌာနဆိုင်ရာ အရာရှိတွေက အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ ရှင်းလင်းပြောကြားပြီး CRPH၊ NUG နဲ့ PDF တို့ကို လက်မခံဖို့ မဆက်သွယ်ဖို့နဲ့ သတင်းရရှိပါက သတင်းပေးကြဖို့ ဒေသခံတွေကို ပြောကြားတယ်လို့ ဆိုပါတယ်။
“ ရပ်ကွက်နဲ့ ရွာတွေမှာ စစ်ကြောင်း တကြောင်းစီအတွက် တာဝန်ခံ တယောက်စီ ခန့်တယ်။ တာဝန်ခံ ခေါင်းဆောင်ကို ပြည်သူ့စစ် ယူနီဖေါင်း ထုတ်ပေးတယ်။ စစ်ကြောင်းထိုးတဲ့အခါ တာဝန်ခံ တယောက်ကို ငါးယောက်စီ စည်းရုံးပေးရမယ် စည်းရုံးပါဝင်လာတဲ့ သူတဦးချင်းကလည်း ဆက်ပြီး ငါးယောက်စီ ထပ်ခါထပ်ခါ စည်းရုံးပေးရမယ် ” လို့ ရပ်ကျေးအဆင့် ရာအိမ်မှူး တဦးက DNA ကို ရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ တပ်ဟာ အရင်ကတည်း ဖွဲ့စည်းပုံ အပြည့်မဟုတ်တဲ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း တပ်ထဲ ဝင်ရောက်တဲ့သူ မရှိသလောက် ဖြစ်လာတာ၊ CDM လုပ်တဲ့သူတွေ များပြားတာ၊ တိုက်ပွဲကျတာနဲ့ ထွက်ပြေးတာတွေကြောင့် အင်အား လိုအပ်နေတယ်လို့ အငြိမ်းစား ဗိုလ်မှူးတဦးက သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ စစ်ကောင်စီတပ် အင်အားဟာ တိုက်ခိုက်ရေးနဲ့ လက်ရုံးတပ်တွေပေါင်းမှ ၂၂၀,၀၀၀ ကနေ ၂၄၀,၀၀၀ ကြားမှာပဲ ရှိမယ်လို့ ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်က ထုတ်ပြန်တဲ့ ” ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ” စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် NUG က စစ်ကောင်စီတပ်သား သုံးသောင်းခန့် (၁၂ ဒဿမ ၅ ရာခိုင်နှုန်းခန့်)ဟာ တိုက်ပွဲတွေမှာ သေဆုံးတယ်လို့ ” ပြည်သူ့ခုခံကာကွယ်စစ် ” ကြေညာတာ နှစ်နှစ်ပြည့်တဲ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်မှာ တပ်ပြေးတွေနဲ့ စစ်တိုက်ဖို့ငြင်းဆန်တာကြောင့် ထောင်သွင်းအကျဉ်းချခံရသူ ဦးရေ ထောင်ချီ ရှိလာတယ်လို့လည်း NUG ဘက်က ဆိုသလို စစ်တပ်ကို စွန့်ခွာပြီး CDM ပြုလုပ်သူ သုံးထောင်ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ရေးလေ့လာသူ တဦးလည်းဖြစ် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ့ရဲ့ ဧည့်ပညာရှင်လည်းဖြစ်တဲ့ ဦးရဲမျိုးဟိန်း ကတော့ မြန်မာစစ်တပ်ဟာ အင်အား တသိန်းခွဲဝန်းကျင်ပဲရှိပြီး ခုနှစ်သောင်းခန့်ကတော့ တိုက်ခိုက်ရေးအင်အား ဖြစ်တယ်လို့ မေလက ထုတ်ပြန်တဲ့ သူ့ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Social Media