ပေါင်မြို့မှာ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၁၂
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ရဲတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ဒေသခံအရပ်သား ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
 
“ ဟုတ်တယ်။ စစ်ဆေးစရာ ရှိလို့ဆိုပြီး လာခေါ်သွားတာ ရှိတယ်။ သူတို့ (စစ်သား) ရွာကို ဝင်လာတဲ့အချိန်မှာ လမ်းမှာတွေ့တဲ့သူတွေ ဖမ်းသွားတာလည်း ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ပါတယ်။ မိန်းကလေးတွေလည်း အများကြီးပါတယ်။ အသက်အရွယ်အစုံပါပဲ ” လို့ ပေါင်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ သူတွေထဲမှာဆိုရင် ဥတ္တံတားကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ခင်မြင့် အပါအဝင် အမျိုးသမီး ခြောက်ဦးထက် မနည်းနဲ့ အမျိုးသား ဆယ်ဦးနီးပါးကို စစ်ကောင်စီ လုံခြုံရေးတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်က ပေါင်မြို့မရဲစခန်းက ရဲတပ်သား နယ်ထိန်းတဦး လမ်းမှာ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ဩဂုတ်လ ၂၇ ရက်က ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက မြို့နယ်အတွင်းမှာ လုံခြုံရေး တင်းကြပ်ထားပြီး တော်လှန်ရေး အင်အားစုတွေ သွားလာလှုပ်ရှားနိုင်တဲ့ ကျေးရွာတွေဘက်ကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
“ ၆ ရက်နေ့ကပေါ့နော်။ ဥတ္တံတားကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာတာ။ အဲဒီနေ့မှာပဲ မနည်းဘူး ဖမ်းလိုက်တာ။ အဲဒီနောက်ပိုင်းလည်း လိုက်ဖမ်းတာရှိတယ်။ ဥတ္တံတားရွာက တောင်ခြေနားမှာ ရှိတယ် ” လို့ အဲဒီမြို့ခံက ပြောပါတယ်။
 
ဒါပေမယ့် ဒေသခံတွေကို ဘာရည်ရွယ်ချက်နဲ့ ဖမ်းဆီးသွားတာကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြောဆိုခဲ့ခြင်း မရှိတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
 
“ အခုက ဘာဖြစ်လို့၊ ဘာဖြစ်မယ်မှန်းလည်း မသိဘူးပေါ့၊ ဖမ်းသွားကြတာ။ အဆက်အသွယ်တော့ ရပါတယ်၊ သွားမေးတော့ စစ်ဆေးစရာရှိလို့၊ ပြီးရင် ချက်ချင်းပြန်လွှတ်မယ်ပေါ့နော်။ ကောင်းကောင်းမွန်မွန်တော့ ထားထားပါတယ် ” လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
 
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကို ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားသူများ ရှိသလို အဲဒီထဲက တချို့ကို စစ်ကြောရေး ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
 
“ မဆိုင်တဲ့သူတွေကို ဒီနေ့ပြန်လွတ်ပေးမယ်။ အရင်နေ့ကလည်း သုံးယောက်၊ လေးယောက် လွှတ်ပေးလိုက်ပါတယ်။ အများစုကိုတော့ ပြန်လွှတ်ပေးမှာပါ။ မိန်းကလေးတွေက အစပေါ့နော် ” လို့ ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရတဲ့သူ စုစုပေါင်း (၂၄,၇၅၁)ဦး ရှိပြီး အဲဒီထဲက ၁၉,၄၅၈ ဦးက ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)​