စက်တင်ဘာ ၊ ၇
လာမယ့် ရွေးကောက်ပွဲ ရလဒ်က ဘယ်လို ထွက်ပေါ်လာပါစေ၊ မက္ကဆီကိုဟာ နိုင်ငံရဲ့ သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီး သမ္မတ တဦးကို တင်မြှောက်ခွင့်ရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
အကြောင်းကတော့ လက်ရှိ အာဏာရ ပါတီရော၊ အဓိက အတိုက်အခံ ပါတီကပါ ကိုယ်စားပြု သမ္မတလောင်းတွေအဖြစ် အမျိုးသမီး တဦးဆီကို အမည်စာရင်း တင်သွင်းခဲ့တာကြောင့်ပါပဲ။
အာဏာရ မိုရီနာ ပါတီဟာ သူတို့ရဲ့ သမ္မတလောင်း နေရာအတွက် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်း ကလော်ဒီယာ ရှိန်ဘွမ်ကို စက်တင်ဘာ ၆ ရက်မှာ တရားဝင် နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ရှိမ်ဘွန်ဟာ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် အဖြစ်ကနေ နိုင်ငံရေး နယ်ပယ်ထဲ ဝင်လာသူ တဦးဖြစ်ပြီး လက်ရှိ သမ္မတ အန်ဒရီ မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒိုရဲ့ အလိုလားဆုံး ရွေးချယ်မှုအဖြစ် ရှုမြင် ခံရပါတယ်။ စည်းမျဉ်းတွေအရ အော့ဘရာဒိုကတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိတော့ပါဘူး။
၂၀၂၄ ရွေးကောက်ပွဲမှာ မိုရီနာ ပါတီပဲ သက်တောင့်သက်သာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ကာလရှည်ကြာ ထွက်ပေါ်နေရာကနေ မကြာသေးခင် လပိုင်းတွေမှာတော့ အခြေအနေတွေက သိသိသာသာ အပြောင်းအလဲ ရှိလာပါတယ်။ အကြောင်းကတော့ အတိုက်အခံ ပါတီတွေဖက်မှာ ကိုယ်စားပြု သမ္မတလောင်းအဖြစ် အဆိုတင်မယ့် ဇိုချီတဲလ် ဂဲလ်ဗက်ဇ်က သိသိသာသာ လူကြိုက်များလာတာကြောင့်ပါပဲ။
မက္ကဆီကိုရဲ့ အဓိက အတိုက်အခံ ပါတီ ၃ ခု ဦးဆောင်တဲ့ အင်အားစုဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ညှိနှိုင်းထားပြီးတဲ့နောက် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဂဲလ်ဗက်ဇ်ကို သမ္မတအဖြစ် လျာထားကြပါတယ်။ ဂဲလ်ဗက်ဇ်ဟာ တက္ကသိုလ် ပညာရေး ဝန်ထမ်း တဦးအဖြစ် အလုပ်လုပ်ခဲ့ရာကနေ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေဆီ ခုန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
ရှိန်ဘွမ်ရော၊ ဂဲလ်ဗက်ဇ်ပါ လူထုအမြင် စစ်တမ်းတွေမှာ တမျိုးစီ လူကြိုက်များကြတာကြောင့် လာမယ့် မက္ကဆီကို ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာက ခန့်မှန်းရ ပိုခက်လာပါတယ်။
မက္ကဆီကို နိုင်ငံ သမိုင်းမှာ အရင်က အမျိုးသမီး သမ္မတ တဦးမှ အာဏာမရခဲ့ဖူးပါဘူး။ ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရှိန်ဘွမ်နဲ့ ဂဲလ်ဗက်ဇ်တို့ထဲက တဦးသာ သေချာပေါက် အနိုင်ရဖို့ သေချာနေတဲ့အတွက် အဲဒီ မှတ်တမ်းဟောင်းကလည်း ကျိုးပျက်တော့မှာ ဖြစ်ပါတယ်။