စက်တင်ဘာ၊ ၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က တိုက်ပွဲ ဖြစ်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးသွားတယ်လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကိုအတည်ပြုပါတယ်။
ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနားမှာစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
“အလစ်ဝင်တိုက်ခံရတာပါ၊ သူတို့က စောင့်နေတာ ထင်တယ်၊ သုံးယောက်ပါ ကျသွားတာ၊သူတို့ဘက်က အသာ စီးရသွားတာပေါ့ဗျာ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စက်တင် ဘာလ ၄ ရက်မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ဖို့အသွား အလူးလေး ကျေးရွာအနီး အရောက်မှာ အင်အားနှစ်ဆယ်ဝန်းကျင်ရှိစစ်ကောင်စီကင်းပုန်းတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး နှစ်ဖက်အ ပြန်အလှန်ပစ်ခတ်ခဲ့ကြတယ် လို့သိရပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုက ဆယ့်ငါးမိနစ်လောက်ကြာခဲ့ပြီး စစ်ကောင်စီဘက်က စက်သေနတ်နဲ့ လက်နက် ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည် ဆုတ် ခွာခဲ့ရတယ်လို့ ဆိုပါ တယ်။
“တနေရာကနေ ပစ်တာမဟုတ်ဘဲ ဝိုင်းပစ်ခံရတဲ့ သဘောလို့ ပြောတယ်၊အဲဒါကြောင့်ပဲကျွန်တော်တို့ ပူးပေါင်း အဖွဲ့ဘက်က အကျအဆုံးများသွားတာ” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိနိုင်ပေမယ့် အရေအတွက်အတိအကျကို အ တည်ပြုပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သေနတ်နှစ်လက်၊ RPG တလက်နဲ့ ဆက်စပ် ပစ္စည်းတချို့ကို လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာ တွေ ရှိခဲ့ပေမယ့် အရပ်သားထိခိုက်တာမျိုး မရှိဘူးလို့သိရပါတယ်။
သထုံခရိုင်အတွင်းမှာစစ်ကောင်စီတပ်နဲ့ KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး တင်းမာနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေလာနိုင်တဲ့ လမ်းကြောင်းတွေကိုစစ်ကောင်စီက စောင့်ကြိုတိုက် ခိုက်တဲ့ ဖြစ်စဉ်တွေအခုသီတင်းပတ်အတွင်း ပိုဖြစ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။