သြဂုတ်၊ ၃၀
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကေအဲန်ယူ- တပ်မဟာ (၃) ထိန်းချုပ်နယ်မြေက ကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ကြီးကြောင့် အသက် ခုနှစ်နှစ်အရွယ် သမီးနဲ့ မိခင်ဖြစ်သူ သေဆုံးကာ လေးဦးဒဏ်ရာရတယ်လို့ ကေအဲန်ယူဗဟိုရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“ မနေ့က လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးသွားတဲ့ အရပ်သား သားမိနှစ်ယောက်က ကလေးက ဗုံးခိုကျင်းထဲမှာ ရှိနေရင်းနဲ့ နောက်စေ့ကို လက်နက်ကြီးစ မှန်ရင်းနဲ့ သေဆုံးသွားတာ။ သူ့အမေက ခါးထိသွားတာ။ ညောင်လေးပင်ဆေးရုံကို သွားပို့တာ အဲဒီက လက်မခံတော့ ပဲခူးဆေးရုံကို သွားပို့ရင်းနဲ့ လမ်းမှာ ဆုံးသွားတယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ရွှေကျင်မြို့နယ် (ဆောထိ) အုပ်ချုပ်နယ်မြေ၊ ပျဉ်ရေကြီးကျေးရွာမှာ ဩဂုတ်လ ၂၉ ရက်၊ မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့တာကြောင့် အသက် ခုနှစ်နှစ်အရွယ် မသွန်းရတီဖူးနဲ့ မိခင်ဖြစ်သူ ဒေါ်စန်းမျိုးဦးတို့ ဦးခေါင်းနဲ့ ခါးတွေမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၄၅ နှစ်အရွယ် ဦးကျော်မိုးနိုင်၊ ဒေါ်မိုးမိုးဌေးနဲ့ ထူးဝေဖြိုးတို့ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကေအဲန်ယူ-မူး (မုန်း)မြို့နယ် အုပ်ချုပ်နယ်မြေမှာ ခမရ (၄၃၉) က ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်မှုကြောင့် တက်လက်ကြီးကျေးရွာနေ အသက် ၂၇ နှစ်အရွယ် စောဂျောကလက်မူး ဘယ်ဘက်ပုခုံးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ အကိုတို့ သိရသလောက်တော့ အခု လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတဲ့ သူတွေက ခန္ဓာကိုယ်မှာ ကျည်စထိမှန်တာတော့ ရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဆေးကုသမှုတော့ ခံယူနေရတာပေါ့ ” လို့ တခြားဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေတွင်းကုန်းကျေးရွာက နေအိမ်တလုံး၊ ပျဉ်ကြီးကျေးရွာက နေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာလည်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေပါ အသုံးပြုတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ ရွာသားတွေကတော့ ပြေးတဲ့လူက ပြေးတာပဲ။ တချို့ကျတော့လည်း ရွာမှာ လယ်ပြန်စိုက်နေကြတာ ရှိတယ်လေ။ တိုက်ပွဲဖြစ်ရင် ဗုံးခိုကျင်းထဲဝင်၊ တိုက်ပွဲငြိမ်ရင် အလုပ်ပြန်လုပ်၊ ဒီလိုပဲပေါ့။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာ ရှိတယ်လေ။ တိုက်ပွဲတွေလည်း ခဏခဏဖြစ်နေတာပဲ။ တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးတွေ ပစ်ခံနေရတာ ရွာသားတွေပဲ ထိတာပေါ့ ” လို့ အဲဒီဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်ကလည်း ကေအဲန်ယူ တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကညင်ကျိုးကျေးရွာနေ အသက်လေးနှစ်အရွယ် ကလေးတဦးပါအဝင် လေးဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို နေအိမ်ငါးလုံးလည်း ပျက်စီးခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – KNU