အခြေခံ စားသောက်ကုန်စျေးနှုန်း အဆမတန် မြင့်တက်လို့ အခြေခံလူတန်းစားအခက်တွေ့

သြဂုတ် ၂၄

စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ်ထုတ်ဝေမယ်ကြေညာအပြီး ဆန်၊ ဆီအပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာနေလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေကြပါတယ်။

“ ဈေးတွေကတော့ တက်တာလန်တောင်လန်တယ်။ အရင်က ဈေးရောင်းလို့  တရက်တသောင်းမြတ်ရင် ငါးထောင်လောက်စုထားလို့ရတယ် ။ အရင်က  ဆန်တအိတ်မှ သုံးသောင်းကျော်ဆိုကောင်းကောင်းစားလို့ရတယ်။အခုက တရက်တသောင်းဆို ဆန်ကြမ်းတပြည်တောင် သုံးထောင်ကျော်လေ  စုဖို့နေနေသာသာ ဝင်ငွေနဲ့ထွက်ငွေက မမျှလို့မငတ်အောင်နေနေရတယ် “လို့ သာကေတမြို့နယ်မှာ ရှိတဲ့ အိမ်ရှင်မ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်ကြေညာအပြီးမှာ ရွှေ၊ အမေရိကန်ဒေါ်လာနဲ့ နိုင်ငံခြားငွေစျေးနှုန်းတွေ အဆမတန်တက်လာသလို ဆန်အပါအဝင်အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပါ တက်နေတာပါ။

လက်ရှိမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဈေး မြင့်တက်နေတာကြောင့်ဝယ် ယူ သုံးစွဲသူ ပြည်သူတွေအနေနဲ့  ဝင်ငွေနဲ့ထွက်ငွေမညီမျှတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့ရှိ အိမ်ရှင်မတွေကပြောပါတယ်။

” ယောက်ျားတယောက်ပဲဆိုက်ကားနင်းတာ။ သူနင်းတာက ဘယ်လောက်မှရတာမဟုတ်ဘူးလေ။ တနေ့ခုနှစ်ထောင်၊ရှစ်ထောင်ပဲရတာ။လူက စုစုပေါင်းခြောက်ယောက်တောင်ရှိတာ။ စားတာတောင်မလောက်ဘူး။ကလေးမုန့်ဖိုးရှိသေးတယ်။ ဆေးဖိုးရှိတယ်။ အဲ့ဒါတွေအတွက် လိုရင် ချေးငှားသုံးနေရတယ်” လို့ဒေါပုံမှာနေတဲ့ ကလေးလေးယောက်မိခင် အိမ်ရှင်မတဦးကပြောပါတယ်။

ဆန်ဈေးနှုန်းအဆမတန် မြင့်တက်လာတာဟာ စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေလိုက်လို့ ကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် ဖြစ်သလို စပါးစိုတ်ပျိုးရာ အညာဒေသတွေမှာ နယ်မြေမတည်ငြိမ်တာငြိမ်တာကြောင့်လည်းဖြစ်တယ်လို့ ရန်ကုန်မှာ ရှိတဲ့ဆန်ကုန်သည်တဦးကဆိုပါတယ်။

“ နှစ်သောင်းတန် မကြေငြာမီက ဆန်အမြင့်ဆုံးမှ တသိန်းတသောင်းကျော်ကအမြင့်ဆုံး။ အခုတလအကြာမှာ တသိန်းခြောက်သောင်း။လေးသောင်းကျော်လောက်မြင့်သွားတယ်။နောက်တချက်ကတော့ညီမလေးရယ် အညာဒေသမှာတိုက်ပွဲတွေဖြစ်တော့ နယ်မြေမငြိမ်းချမ်းတော့ စပါးမစိုက်နိုင်ကြဘူးလေ ။အဲ့တာကြောင့်လည်းဈေးကတက်တာ “လို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမှာရှိတဲ့ဆန်ကုန်သည်တဦးကပြောပါတယ်။

အခြေခံ စားသောက်ကုန်ဈေးနှုန်းမှာ  ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမယ့်လို့မကြေငြာမီက  ရွှေဘိုပေါ်ဆန်း တအိတ်ကို အရည်အသွေးကို လိုက်ပြီး ၉၆,၀၀၀ ကျပ်ကနေ  ၁၁၈,၀၀၀ ကျပ်ရှိခဲ့ပြီး ဧရာဝတီပေါ်ဆန်းတအိတ်ကို ၉၃၀၀၀ ကျပ်ကနေ ၉၈ဝဝဝကျပ် ၊ ဆန်ကြမ်းတအိတ်ကို၅၂,၀၀၀ ကျပ်ကနေ ၇၂,၀၀၀ ကျပ်ထိရှိခဲ့တာပါ ။

နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေပြီးနောက် တလနီးပါးးအကြာ ဒီနေ့မှာတော့ ရွှေဘိုပေါ်ဆန်း တအိတ်ကို ၁၄၀,ဝဝဝကျပ် ကနေ ၁၆၀,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းတအိတ်ကို ၁၁၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ဆန်ကြမ်းးတအိတ်ကို  ၇၅,၀၀၀ ကျပ်မှ ၈၇,၀၀၀ ကျပ်ထိ ဈေးမြင့်တက်နေတာပါတယ်။

ဒါ့အပြင် ကြက်သွန်နီတပိသာကို ၃၈,၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူတပိသာကို ၁၁,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတပိသာကို ၃,ဝဝဝကျပ်၊အာလူးတပိဿာ ၃,၂၀၀ ဝန်းကျင် နဲ့ ဂျင်းတပိဿကို ၇,ဝဝဝကျပ် အထိဈေးမြင့်တက်နေတာပါ။

စားသုံးသူရေးရာ ဦးစီးဌာနက ပြည်တွင်း စားသုံးဆီ တပိသာကို ၄,၀၆၅ ကျပ် ရည်ညွှန်းထားပေမယ့် ပြင်ပမှာတော့တပိသာကို ၁၂,ဝဝဝကျပ်အထိ ပေါက်ဈေးရှိနေပြီးးလူတဦးကို အများဆုံးတပိဿာထိသာ ရောင်းပေးတယ်လို့အိမ်ရှင်မတွေဆီက သိရပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာဟာ  ဈေးကစားတဲ့ ဝိသမလောဘသားတွေနဲ့  အမြတ်တင်ရောင်းတဲ့ စီးပွားရေးသမား ကုန်သည်တွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။

 ဒါ့အပြင့် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဦးဆောင်တဲ့ ကုန်စျေးနှုန်းတည်ငြိမ်းရေးကော်မတီကို ဖွဲ့စည်းထားပြီး ဈေးကစားနေတဲ့ ကုန်သည်တွေကို အရေးယူသွားမယ်လို့လည်းစစ်ကောင်စီက ပြောဆိုထားပါတယ်။