သြဂုတ် ၊ ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ ရွှေလင်းဆွဲ ရွာကို စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၀ ရက်ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံ တရာကျော်ကို ဓားစားခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကသိရပါတယ်။
“ ဟုတ်တယ်ဗျ ။မနက်သုံးနာရီလောက်ကဝင်တယ်။ရွှေလင်းဆွဲရွာက ဓားစားခံကတရာကျော်လောက်ပါတယ်။ အဲ့ဒါကို ကနီပြူရွာကိုရိက္ခာတွေရွှေလင်းဆွဲရွာက ဆန်တွေ၊ဘာတွေ၊ပစ္စည်းတွေ နွားလှည်းတွေ ကို ကားပေါ်တင်ခိုင်းပြီးတော့ ကန်နီရွာကိုမောင်းခိုင်းတယ်။” လို့ မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူတဦးကပြောပါတယ်။
အင်အား တရာနီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေလင်းဆွဲက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားတရာကျော်ကို ဖမ်းဆီးကာ လယ်ထုတ်တောရွာကို ဝင်ရောက်သွားပြီး ဓားစားခံတွေကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမျာ အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ရွှေလင်းဆွဲ၊ခေါင်းကွဲ၊အိုးဘိုကုန်း၊ကန်နက်နဲ့ လယ်ထုတ်တော ကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံထောင်ချီ စစ်ရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပျူစောထီးရွာလို့ လူသိများတဲ့ကန်နီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေလင်းဆွဲရွာကို ဝင်ရောက်လာပြီး ဒေသခံ တရာ ကျော်ကိုဖမ်းဆီးသွားတဲ့အပြင် ရွာထဲကဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ရိက္ခာပြတ်လပ် မှု ဖြစ်ပေါ်နေတာကြောင့် အခုလို အနီးအနားကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံတွေရဲ့ စားနပ်ရိက္ခာအပါအဝင် ပစ္စည်းတွေကို ယူဆောင်သွားတာလို့ မြိုင်မြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူကဆိုပါတယ်။
“ ကန်နီနဲ့ ရွှေလင်းဆွဲက နီးတယ်လေ ။ ကန်နီပြူရွာက စကစတပ်တွေနဲ့ပြူတွေ ရိက္ခာပြတ်နေတာ။ အဲ့ဒါကို စစ်ကြောင်းက ရွှေလင်းဆွဲထဲဝင်ပြီး ရိက္ခာလာသယ်ပေးတဲ့သဘောပေါ့။ ပြည်သူတွေကတော့ ထုံးစံအတိုင်းလမ်းမှာ ပစ်ခံရမှာကြောက်လို့ ဓားစားခံအနေနဲ့ ခေါ်သွားတာလို့ “ ဆက်ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်နဲ့ သြဂုတ်လ ၁၈ ရက်ကနေ မနေ့ကထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုတွေက အထိအခိုက်မရှီပေမယ့် စစ်ကောင်စီတပ်ရဲ့ အကျအဆုံးကိုတော့ အတည်ပြုလို့မရသေးဘူးလို့ သိရပါတယ်။
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနှစ်ဆန်းပိုင်းက ရာနဲ့ချီတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့စဥ်။