မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ စိုက်ခင်းတွေကို ကင်ဂျုံအန်း သွားရောက်စစ်ဆေး

သြဂုတ် ၊ ၁၉

ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တိုင်ဖွန်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ လယ်ယာ စိုက်ခင်းတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။

 ဩဂုတ် ၁၈ ရက်က ကင်ဟာ မုန်တိုင်းဒဏ်သင့် စိုက်ခင်း ဧရိယာတွေမှာ ရနိုင်သမျှ ကောက်ပဲသီးနှံတွေကို ပြန်လည် ခူးဆွတ်ယူတဲ့ လုပ်ငန်းတွေ၊ စစ်တပ် ရဟတ်ယာဉ်တွေက ပိုးသတ်ဆေး ဖြန်းနေတာတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ကြောင်း အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

အပူပိုင်းမုန်တိုင်း ခါနွန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက် မွှေနှောက် တိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ အထီးကျန် ကွန်မြူနစ် နိုင်ငံမှာ အခြေခံ အဆောက်အအုံ အားနည်းချက်တွေ၊ သဘာဝ ဘေးအန္တရာယ် တားဆီးရေး အစီအမံတွေ ညံ့ဖျင်းမှုတွေအပြင် သစ်တောတွေကို အလွန်အကျွံ ခုတ်ထွင်ထားတာတွေကြောင့် မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် သက်ရောက် ခံစားခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ ရိက္ခာ မဖူလုံမှု ပြဿနာကြောင့် နှစ်ဆန်းပိုင်းတုန်းက အစိုးရကိုယ်တိုင် အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူထားရပါတယ်။ အခုတော့ မုန်တိုင်းကြောင့် စိုက်ပျိုးမြေ အများအပြား ပျက်စီးသွားခြင်းက အဲဒီ ပြဿနာကို တပူပေါ် နှစ်ပူဆင့်စေမယ့် သဘောပါပဲ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အစိုးရဟာ ဘဏ္ဍာငွေတွေကို နျူကလီးယား လက်နက် နည်းပညာအတွက်သာ ပုံအော သုံးစွဲနေပြီး ပြည်သူတွေကတော့ စားနပ်ရိက္ခာနဲ့ အခြေခံ လူသုံးကုန် ပစ္စည်းတွေ ပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာ ကင်ဟာ အခုလိုမျိုး မုန်တိုင်းဒဏ်သင့် စိုက်ခင်းတွေဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက အခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း မြောက်ကိုရီးယားမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသူ ၂၄၀ ဝန်းကျင် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပွင့်လင်းမြင်သာမှု အားနည်းလွန်းတာနဲ့ သတင်း တည်းဖြတ်မှုတွေ တင်းကျပ်လွန်းတာကြောင့် ပြည်တွင်းက အခြေအနေမှန်တွေကို တိတိကျကျ ဆန်းစစ်ဖို့ကတော့ ခက်ခဲလွန်းနေပါတယ်။ မုန်တိုင်းဒဏ်ကြောင့် မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ အရင်းအမြစ်တွေ ဘယ်လောက်ထိ ထိခိုက်ခဲ့သလဲ ဆိုတာကိုလည်း အချက်အလက် ခိုင်ခိုင်မာမာ ကြေညာတာမျိုး မရှိပါဘူး။

ကင်ဟာ အစောပိုင်းတုန်းကလည်း မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ အားနည်းတဲ့ ဒေသဆိုင်ရာ အာဏာပိုင် တချို့ကို ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်းခဲ့တယ်လို့ အစိုးရပိုင် KCNAသတင်းဌာနက ဖော်ပြခဲ့ပါသေးတယ်။