သြဂုတ်၊ ၁၈
ပြည်တွင်းရွှေစျေးနှုန်းဟာ နေ့စဉ်ဆက်တိုက်မြင့်တက်နေပြီး သြဂုတ်လ ၁၈ ရက် ဒီကနေ့မှာ အခေါက်ရွှေ တကျပ်သားကို ၃,၉၃၀,၀၀၀ ကျပ်နဲ့ အမေရိကန် တဒေါ်လာကို ၃,၉၀၃ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့ ရွှေနဲ့ နိုင်ငံခြားငွေစျေးကွက်က သိရပါတယ်။
ဒါဟာ သြဂုတ်လ ၁၇ ရက် မနေ့က အခေါက်ရွှေတကျပ်သားကို ၃,၈၇၀,၀၀၀ ကျပ် ကနေ မြင့်တက်ခဲ့တာဖြစ်ပြီး အမေရိကန်တဒေါ်လာကတော့ ၃,၇၉၉ ကျပ်ကနေ မြင့်တက်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
” ဈေးကလေ သတ်မှတ်ထားတာကို မရှိတာ။ ဈေးကွက်ပျောက်နေတာ။ အဝယ်များတော့ ပြင်ပပေါက်ဈေးထက် ပိုပေးဝယ်နေကြတာ ” လို့ ရန်ကုန်မြို့က ရွှေကုန်သည်တဦးက ပြောပါတယ်။
ပြည်တွင်းရွှေ ဈေးနှုန်း ဆက်တိုက်မြင့်တက်နေပေမယ့် ဈေးကွက်ထဲမှာတော့ ဝယ်ယူသူများ ပြားနေပြီး ရောင်းချနေသူ နည်းနေတယ်လို့ ဆိုပေမယ့် လက်ရှိမှာ ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် ရွှေဆိုင်တချို့ အရောင်းပိတ်ထားရတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။
“ လက်ရှိက ရွှေအရောင်းပိတ်ထားတယ်။ အဝယ်ဆိုရင်တော့ ရွှေကို ကြည့်ပြီး ဈေးသတ်မှတ်ပြီး ဝယ်ပေးတယ်။ တိတိကျကျ ဈေးမသတ်မှတ်ထားဘူး။ ရွှေဆိုင်အားလုံးနီးပါးတော့ ပိတ်ထားကြတယ်။ ရောင်းပေးလိုက်ရင် ကိုယ်ပြန်ဝယ်လို့ မရဘူးလေ။ အားလုံးပိတ်ထားတော့ အဲ့တာကြောင့် အမတို့ ပြန်မရောင်းရဲဘူး ” လို့ နေပြည်တော်က ရွှေကုန်သည်တဦးက ဆိုပါတယ်။
သြဂုတ်လ ၁၇ ရက် မနေ့က ကမ္ဘာ့ရွှေ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၈၉၄ ၊ ဒီကနေ့ သြဂုတ်လ ၁၈ ရက်မှာ ကမ္ဘာ့ရွှေ တအောင်စကို ၁,၈၉၁ ဒေါ်လာအထိ ကျဆင်းနေပေမယ့် မြန်မာ့ရွှေစျေးကတော့ အတက်ဘက်ကို ဦးတည်နေတာပါ။
” ဈေးထပ်ပြီး တက်လာနိုင်ချေ ရှိလို့ပေါ့ဗျာ။ ထပ်တက်နိုင်ပါတယ်။ ဒေါ်လာ တက်နေတော့လေ တက်နိုင်ချေရှိပါတယ် ” လို့ ရန်ကုန်မြို့က ရွှေကုန်သည်က ပြောပါတယ်။
ဒါ့အပြင် ရွှေစျေးနဲ့ အတူ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေစျေးနှုန်းတွေလည်း ဆက်လက်မြင့်မားနေတယ်လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေလဲလှယ်ရေးဌာနတွေနဲ့ အရောင်းအဝယ်လုပ်သူတွေက ဆိုပါတယ်။
သြဂုတ်လ ၁၇ ရက် မနေ့က အမေရိကန် တဒေါ်လာကို ၃,၇၉၉ ကျပ်၊ တယူရို ၄,၀၉၂ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၈၀၆ ကျပ်၊ ထိုင်းတဘတ် ၁၀၅ ကျပ် ပေါက်ဈေး ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၉၀၃ ကျပ်၊ တယူရို ၄,၂၀၃ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၉၀၁ ကျပ် နဲ့ ထိုင်းတဘတ်ကို ၁၀၉ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – REUTERS