သြဂုတ် ၊ ၁၇
ရုရှားမှာ မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှု တခုအပြီး ဘီလားရုစ် နိုင်ငံဆီ ရွှေ့ပြောင်း အခြေချထားတဲ့ Wagner ကြေးစားတပ်ဟာ ပညာရေး အဖွဲ့အစည်း တခုအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၄ ရက်ကစလို့ ဘီလားရုစ်ရဲ့ မြို့တော် မင့်စ်ခ်ရဲ့ တောင်ဖက်မှာရှိတဲ့ အော့ဆီပိုဗီချီ ခရိုင်ထဲက ဆဲလ်ကျေးရွာမှာရှိတဲ့ အဆောက်အအုံ တခုကို ပညာရေး ဌာနဖွင့်လှစ်ထားတဲ့ နေရာလို့ မှတ်ပုံတင်ထားကြောင်း ဘီလားရုစ် မှတ်ပုံတင်နဲ့ လုပ်ငန်း အချက်အလက် စိစစ်မှုဌာန စာရင်းတွေအရ သိရပါတယ်။
တကယ်တော့ အဲဒီ အဆောက်အအုံဟာ ဘီလားရုစ်ဆီ ပြောင်းရွှေ့ အခြေချလာတဲ့ Wagnerတပ်တွေ ရုံးစိုက်ပြီး တပ်စွဲထားတဲ့ နေရာ ဖြစ်ပါတယ်။ ယက်ဗ်ဂျနီ ပရီဂိုဇင် ဦးဆောင်တဲ့ ရုရှား ကြေးစားတပ် Wagnerဟာ ရုရှား စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်ကြောင်း ကြွေးကြော်ပြီး မော်စကိုထိ ဦးတည် ချီတက်ခဲ့တဲ့နောက် တရက်အကြာမှာ သူတို့ရဲ့ ပုန်ကန်မှုကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း Wagner တပ်ဖွဲ့ဝင် အများအပြားဟာ ရုရှား အစိုးရရဲ့ ခွင့်ပြုချက်အရ အိမ်နီးချင်း ဘီလားရုစ် နိုင်ငံဆီ ပြောင်းရွှေ့ အခြေစိုက်လာပါတယ်။ ဘီလားရုစ် အစိုးရကလည်း Wagnerတွေကို နိုင်ငံစစ်တပ်အတွက် လေ့ကျင့်ပေးဖို့ ငှားရမ်း တာဝန်ပေးခဲ့ပါတယ်။
သတင်းတွေရဲ့ အဆိုအရ Wagnerတွေ လက်ရှိ တပ်ဖြန့်ထားရာ အဆောက်အအုံဟာ အရင်က အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီတခု ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး ဒီလထဲမှာမှ ပညာရေးဌာနတခု ဖြစ်သွားတာလို့ သိရပါတယ်။
ရုရှား စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားခဲ့တဲ့ Wagnerရဲ့ ပုန်ကန်မှုဟာ ဇွန်လထဲမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ရုရှားတောင်ပိုင်းက ရော့စတော့ဗ် မြို့ကိုပါ Wagner တပ်တွေက ယာယီ ထိန်းချုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ Wagnerတွေနဲ့ ရုရှား အစိုးရ ပြေငြိမ်းမှု ရခဲ့ပါတယ်။
Wagnerရဲ့ အကြီးအကဲ ပရီဂိုဇင်ကတော့ သူ့အဖွဲ့သားတွေဟာ ရုရှားအစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ဘဲ ယူကရိန်း စစ်ပွဲမှာ စီမံခန့်ခွဲမှုတွေ လွဲမှားတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်ခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။