ဓာတ်လိုက်နေသူတွေကို ကူညီပေးဖို့ ကြိုးစားရင်း အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

သြဂုတ်၊ ၁၆
 
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်က နေအိမ်တလုံးမှာ ဒီကနေ့မနက်ပိုင်းက နေအိမ် Sun shade ပေါ် သန့်ရှင်းရေး တက်လုပ်ရာက လျှပ်စစ်ကြိုးနဲ့ထိမိပြီး ဓာတ်လိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ လူမူကယ်ဆယ်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
“ ခေါင်းမိုးပေါ် သန့်ရှင်းရေးတက်လုပ်တဲ့သူတွေ ဓာတ်လိုက်တာကို လိုက်ကူညီရင်းနဲ့ အမျိုးသမီးတဦးက ဆုံးသွားတာပေါ့နော်၊ ဒဏ်ရာရတဲ့သူတွေက အောက်ပြုတ်ကျလို့ပါ၊ အရမ်းတော့ မစိုးရိမ်ရတော့ပါဘူး ” လို့ သူကပြောပါတယ်။
 
ပြည်ကြီးတံခွန်မြို့နယ် ၆၈ လမ်း ၁၃၉ လမ်းထောင့်ရှိ အာစီသုံးထပ်တိုက်ရဲ့ ပထမအထပ် Sun shade ပေါ်ကို ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က သန့်ရှင်းရေးတက်လုပ်ရင်း အဲဒီအပေါ်က သွယ်တန်းထားတဲ့ ဓာတ်ကြိုးနဲ့ ထိမိလို့ ဓာတ်လိုက်ကာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ခဲ့တာပါ။
 
ဖြစ်စဉ်အတွင်း စုစုပေါင်း အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား နှစ်ဦး ဓာတ်လိုက်ခဲ့ကြပြီး လေးဦးလုံး တိုက်အောက်ပြုတ်ကျခဲ့ကာ အမျိုးသမီးတဦးကတော့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
 
အဲဒီဖြစ်စဉ်ကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲဝင်တွေနဲ့ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်လိုက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မန္တလေး ပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – MFSD