မန္တလေးသူနာပြုသင်တန်းကျောင်းက ကျောင်းသားကို စစ်တပ်က ထောင် ၁၅နှစ်ချ

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ စစ်တပ်ကဖမ်းဆီးထားတဲ့ မန္တလေးသူနာပြုသင်တန်းကျောင်းကဒုတိယနှစ်ကျောင်းသား ကိုအောင်ကျော်ခန့်ကို စစ်အုပ်စုတရားရုံးက မနေ့ဒီဇင်ဘာ ၂၆ရက်နေ့မှာထောင် ၁၅နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ကိုအောင်ကျော်ခန့်ဟာ ဗကသများအဖွဲ့ချုပ်က အဖွဲ့ဝင်ကျောင်းသားတဦးလည်းဖြစ်သလို ဗကသအဖွဲ့ရဲ့သတင်းနဲ့ပြန်ကကြားရေးတာဝန်ယူဖူးသူတယောက်လည်းဖြစ်ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်အုပ်စုရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။
ဖမ်းဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၀ ညနဲ့ စွပ်စွဲပြီး အိုးဘိုထောင်တွင်းတရားရုံးက အခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
” အကြမ်းဖက်မှုနဲ့ စွဲတင်တဲ့ ပြစ်မှုတွေဆိုရင် အခုလို နှစ်ရှည်ထောင်ဒဏ်ချရမယ်ဆိုတဲ့ ဖိအားတွေတရားရုံးတွေမှာ ရှိတယ်။ ဘယ်လောက်ပဲကိုယ်ဖက်က သက်သေတင်ပြနိုင်ပါစေ ထောင်ကတော့ချကိုချတယ်။ လွှတ်ပေးတာမျိုးမရှိဘူး ” လို့ တရားရေးနဲ့ နီးစပ်သူ တဦးကပြောပါတယ်။
မန္တလေးအိုးဘိုထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့ တပတ်မှာလည်း ဗကသ အဖွဲ့ဝင် ကျောင်းသား ၃ ဦးကိုထောင်ဒဏ် ၂၂ နှစ်အထိ နှစ်ရှည်ချမှတ်ခဲ့ပါသေးတယ်။
ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူးမသီရိရတနာအပါဝင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနဲ့ မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့(၃)ဦးကို ဒီဇင်ဘာ၂၃ ရက်နေ့က ထောင် ၂၂ နှစ်ချခဲ့တာဖြစ်ပါတယ်။