မန္တလေးအိုးဘိုအကျဉ်းထောင်က ၅၀၅-က အကျဉ်းသား ၅၆၉ ဦးလွတ်မြောက်

မေ၊ ၃

စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)ကနေ ၅၀၅-က အကျဉ်းသား စုစုပေါင်း ၅၆၉ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီလိုအကျဉ်းထောင်က လွတ်မြောက်လာသူတွေဟာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အမျိုးသား ၅၂၅ ဦးနဲ့ အမျိုးသမီး ၄၄ ဦးပါဝင်တယ်လို့လည်း  ပြောကြပါတယ်။

ဒီကနေ့ နေ့ခင်း ၁ နာရီလောက်ကစပြီး အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) အရနောက်တကြိမ်ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမယ့် စည်ကမ်းသတ်မှတ်ချက်နဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အိုးဘိုထောင်မှာ ပြန်လွတ်လာသူတွေအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်တဲ့ ဒေါက်တာညီမင်းဟန် အပါအဝင် အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူ အနည်းငယ်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကပြောပါတယ်။

” ကျနော်တို့လည်း ကိုညီမင်းဟန်လွတ်တယ်လိုပဲကြားတာပဲ။ တခြားနာမည်ကြီးတွေတော့ မပါဘူး။ နောက်ပြီး လွတ်ဖို့ရက်နီးနေတဲ့ NLD ပါတီဝင်တချို့တောင် မပါခဲ့ဘူးကြားတယ်။အခုလွတ်တာလေးတွေက ဖေ့ဘွတ်မှာ ဟိုရေး ဒီရေး စစ်လော်ဘီတွေ ဖမ်းခိုင်းလို့ ပါတဲ့သူတွေများပါတယ် ” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကနေ လွတ်ငြိမ်းခွင့်ပေးတာ ကိုးကြိမ်ထက်မနည်းရှိနေပြီး ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၁၅၃ ဦးကို ခံဝန်ချက်နဲ့ လွှတ်ပေးတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသားစုစုပေါင်း ၅၉၆၂၉ ဦးကို လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် ၆သောင်းကျော် အထိရှိနေပါတယ်။ အဲဒီအထဲမှာ  နိုင်ငံခြားသား ၂၃၉ ဦး ပါဝင်ခဲ့ပါတယ်။

 ပုံစာ-မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)ကနေ ၂၀၂၁ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာသူတွေကိုတွေ့ရစဉ်။