သြဂုတ် ၊ ၁၀
ပြိုင်ဘက် NATO စစ်မဟာမိတ် အဖွဲ့ကို တုံ့ပြန်တဲ့ အစီအစဉ် တခုအဖြစ် နိုင်ငံအနောက်ပိုင်း နယ်စပ်မှာ စစ်တပ်တွေ ပိုမို ဖြန့်ကျက်သွားမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက အမေရိကန် ဦးဆောင်တဲ့ NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားပိုင်နက်အလွန် အနောက်ဖက်ခြမ်းမှာ စစ်အင်အားတွေ စုရုံး တည်ဆောက်နေကြောင်း၊ အဲဒီအတွက် ရုရှားကလည်း သင့်တင့်မှန်ကန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူက NATO အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ နယ်စပ်မှာ စစ်အင်အား ဖြည့်တင်းမယ့် ကိစ္စကို တရားဝင် ထုတ်ပြန် အတည်ပြုထားသလို NATO အဖွဲ့ဝင် အသစ်စက်စက် ဖင်လန်နိုင်ငံမှာလည်း NATO တပ်တွေနဲ့ စစ်လက်နက်တွေ ပိုမို ဖြန့်ကျက်လာမယ့် အရိပ်အယောင်တွေ တွေ့နေရကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။
အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် သွယ်ဝိုက်စစ်ပွဲတခု စတင် ဆင်နွှဲနေပြီလို့ သတ်မှတ်နိုင်ကြောင်းလည်း ရွှိုင်ဂူက စွပ်စွဲခဲ့ပါတယ်။ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီး အနောက်မဟာမိတ် နိုင်ငံတွေက နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့နေခြင်းက NATOရဲ့ ရုရှားအပေါ် ရန်လိုမှုကို ထင်ဟပ် မြင်သာစေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သူက ဖင်လန်နိုင်ငံ NATO အဖွဲ့ဝင် ဖြစ်သွားပြီး ဆွီဒင်ကလည်း NATOနဲ့ ပူးပေါင်းမယ့် အလားအလာ ရှိနေတာတွေဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို လှုံ့ဆော်ပေးမယ့် စိုးရိမ်စရာ ညွှန်ကိန်းတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အရှေ့ဥရောပမှာ NATOတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်မှုဟာ နှစ်ဆခွဲလောက် မြင့်တက်လာပြီး အခုဆို စစ်သည် ၃ သောင်းကျော်လောက်ထိ ရှိနေပြီလို့လည်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေ အားလုံးဟာ ရုရှားကို ခြိမ်းခြောက် ရန်လိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပြီး ထိရောက် မှန်ကန်တဲ့ အချိန်ကိုက် တုံ့ပြန်မှုနဲ့ လက်နက်အင်အားမျိုး ရုရှားမှာ အရေးတကြီး လိုအပ်နေတယ်လို့လည်း ရွှိုင်ဂူက မှတ်ချက်ပေးသွားပါတယ်။