သြဂုတ်၊ ၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံရဲ့ အရေးအပါဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွေကို ကိုယ်တိုင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ရုရှားက ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားဆီက စစ်လက်နက်တွေ ဝယ်ယူဖို့ ကြိုးစားနေကြောင်း အမေရိကန်က စွပ်စွဲထားချိန်မှာ ကင်ဟာ လက်နက်ကြီး စနစ်တွေ၊ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ သံချပ်ကာယာဉ်တွေ ထုတ်လုပ်ရာ စက်ရုံတွေဆီ လှည့်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်ကြီးက မြောက်ကိုရီးယား အနေနဲ့ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ စစ်ပွဲတွေအတွက် လက်နက်အင်အား ပြည့်စုံလုံလောက်နေအောင် အသင့်ပြင်ထားဖို့လည်း ညွှန်ကြားခဲ့ကြောင်း အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကင်ဟာ နိုင်ငံအနှံ့က လျှို့ဝှက်နေရာတွေမှာ တည်ဆောက်ထားတဲ့ စစ်လက်နက် စက်ရုံတွေကို ၃ ရက်ကြာ လှည့်ပတ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က အခုလကုန်ပိုင်းမှာ နောက်ထပ် စစ်ရေးလေ့ကျင့်မှုတခု ပူးပေါင်း ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာလည်း ကင်က အခုလို လက်နက်စက်ရုံတွေကို လှည့်ပတ် စစ်ဆေးခဲ့တာပါ။ မြောက်ကိုရီးယားဟာ အဲဒီလို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ခြိမ်းခြောက်မှု တခုအနေနဲ့ သတ်မှတ်ထားပြီး ခက်ခက်ထန်ထန် တုံ့ပြန်လေ့ ရှိပါတယ်။
နိုင်ငံရေး သုတေသီ တချို့က ကင်ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယား-ရုရှား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်မယ့် စီမံကိန်းရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ မြောက်ကိုရီးယားက ရုရှားနဲ့ စစ်ရေးပူးပေါင်းဖို့ လိုလားကြောင်း အတည်ပြုထားသလို ရုရှားကလည်း မြောက်ကိုရီးယားဆီက ခဲယမ်းမီးကျောက်တွေ၊ လက်နက်ကြီး ကျည်ဆန်တွေ ဝယ်ယူနိုင်ဖို့ အပူတပြင်း ချဉ်းကပ်နေပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက မြောက်ကိုရီးယားရဲ့ စစ်ရေးပြ ချီတက်ပွဲ အစီအစဉ် တခုကို ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ကာလနောက်ပိုင်း ရုရှား ကာကွယ်ရေး ဝန်ကြီးတဦး မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် ခြေချမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: AFP