ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် အိမ်ခြံမြေ လုပ်ငန်းစု သူဌေးကြီး ဆရက်သာကို အဆိုပြုမယ်လို့ သက်ဆင်ရဲ့ပါတီ ကြေညာ

သြဂုတ်၊ ၂

ထိုင်းဝန်ကြီးချုပ်သစ် နေရာအတွက် အိမ်ခြံမြေ လုပ်ငန်းစု သူဌေးကြီး ဆရက်သာ သာဗီဆင်ကို လွှတ်တော်မှာ အဆိုပြု နာမည် တင်သွင်းသွားမယ်လို့ ဖျူထိုင်းပါတီ (PTP)က ကြေညာလိုက်ပါတယ်။

မေလ ၁၄ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ဟာ PTPအပါအဝင် ၈ ပါတီ မဟာမိတ် အင်အားစုထဲက နုတ်ထွက်ပေးဖို့ သဘောတူလိုက်တဲ့နောက် လာမယ့် လွှတ်တော် မဲပေးမှု အစီအစဉ်မှာ PTPက အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်းက လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် ရရှိဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက PTP အနေနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့မယ့် နိုင်ငံရေး မဟာမိတ် အင်အားစုထဲမှာ MFPကို ဆက်ပြီး လက်ခံထားမယ်ဆိုရင် PTPရဲ့ အဆိုပြု ဝန်ကြီးချုပ်လောင်းကို ထောက်ခံမှာ မဟုတ်ဘူးလို့ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေက ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

အခုအခါမှာတော့ MFPဟာ ၈ ပါတီ မဟာမိတ် အဖွဲ့ကို စွန့်ခွာပြီး လွှတ်တော်ထဲမှာ အဓိက အတိုက်အခံ အနေနဲ့သာ ရပ်တည်ဖို့ လမ်းကြောင်းပြောင်းလဲ ရွေးချယ်သွားတဲ့အတွက် PTPဟာ အထက်လွှတ်တော် အမတ်တွေဆီက လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက်ကို ရရှိပြီး ဝန်ကြီးချုပ်သစ် တင်မြှောက်နိုင်တော့မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရွေးကောက်ပွဲ ပြီးဆုံးသွားတာ ၂ လခွဲလောက် ကြာလာတဲ့ထိ ဝန်ကြီးချုပ်သစ် ထွက်ပေါ်မလာနိုင်တဲ့ ထိုင်းနိုင်ငံရေး ဒရာမာရဲ့ ဇာတ်သိမ်းခန်းနဲ့ နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။

 PTPဟာ ဝန်ကြီးချုပ် နေရာအတွက် အဆိုပြုမယ့်သူကို သတိကြီးကြီး ရွေးချယ်ခဲ့ပြီး ထိုင်းစစ်တပ်၊ ထိုင်းအထက်လွှတ်တော်၊ ထိုင်းတော်ဝင် မိသားစုနဲ့ ခါးသီးတဲ့ အတိတ်သမိုင်းတွေ ရှိခဲ့တဲ့ ရှီနာဝပ်ထရာ မိသားစုဝင် တယောက်ယောက်ကို နိုင်ငံခေါင်းဆောင် နေရာအတွက် လတ်တလော မတင်မြှောက်သေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ PTPဟာ ၂၀၀၆ ခုနှစ်တုန်းက ထိုင်းစစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ ဦးဆောင်မှု အောက်မှာ ရှိနေတာပါ။ လက်ရှိ ပါတီခေါင်းဆောင် ရာထူးကိုလည်း သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ရယူထားပေမယ့် ဝန်ကြီးချုပ် နေရာကိုတော့ အထက်လွှတ်တော်နဲ့ ပိုပြီး သဟဇာတ ဖြစ်နိုင်တဲ့ အလယ်အလတ် လမ်းစဉ်ဝါဒီ လုပ်ငန်းရှင် သူဌေးကြီး ဆရက်သာကိုပဲ လျာထားခဲ့တာ ဖြစ်ပါတယ်။

 ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးအဖြစ် သတ်မှတ်ခံရသူ MFP ခေါင်းဆောင် ပီတာ လင်ဂျရွန်ရတ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ရေးကိစ္စ လွှတ်တော်ထဲမှာ အဆိုတင် အားထုတ်မှုတွေ မအောင်မြင်ခဲ့ဘဲ PTPရဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ် တင်မြှောက်ရဖို့ အခြေအနေတွေဆီ ဦးတည်လာချိန် ကတည်းက ဆရက်သာဟာ ရေပန်းအစားဆုံး ပုဂ္ဂိုလ် ဖြစ်နေခဲ့ပါတယ်။

 MFPနဲ့ PTPတို့ဟာ အစိုးရသစ် ပေါ်ထွန်းလာနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးမှ အထက်လွှတ်တော်ရဲ့ ဖိအားပေးမှုတွေကို လိုက်လျောပြီး ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲကနေ MFP နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ပီတာနဲ့ MFPကို အားပေး ထောက်ခံသူတွေကတော့ ရွေးကောက်ပွဲမှာ လူထု ထောက်ခံမှု အားအကောင်းဆုံး ရရှိခဲ့တဲ့ ပါတီက အစိုးရ အဖွဲ့ထဲမှာ ပါဝင်ခွင့် မရဘဲ အတိုက်အခံဘဝ ရောက်သွားတဲ့ အခြေအနေအပေါ် ခါးခါးသီးသီး ခံစားနေရပါတယ်။

ဩဂုတ် ၁ ရက်က ဘန်ကောက်မှာရှိတဲ့ PTP ဌာနချုပ်နားမှာတော့ MFP အားပေးထောက်ခံသူ ၁၀၀ လောက် စုဝေးပြီး သူတို့ရဲ့ ပါတီကို အစိုးရ အဖွဲ့ထဲကနေ ဖယ်ထုတ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဆန္ဒပြခဲ့ကြပါသေးတယ်။

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် ဆရက်သာဟာ ထိပ်သီး နိုင်ငံရေးသမားတွေရဲ့ ရင်းနှီးကျွမ်းဝင်သူ တဦးဖြစ်ပေမယ့် ကိုယ်တိုင်က နိုင်ငံရေး နယ်ပယ်ထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံကတော့ နည်းပါးနေဆဲပါ။ သူဟာ ရှီနာဝပ်ထရာ မိသားစုရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ်လည်း ယူဆခံရပါတယ်။ PTP အနေနဲ့ ဆရက်သာကို ဝန်ကြီးချုပ်အဖြစ် တရားဝင် တင်မြှောက်ပြီးရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ထိုင်းနိုင်ငံ အပြန်ခရီးက ပိုပြီး အဆင်ပြေလာနိုင်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ သက်ဆင်ဟာ ပြန်လာရင် နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ် ရှိနေတဲ့တိုင် ပြည်ပနိုင်ငံတွေဆီ လှည့်လည် တိမ်းရှောင်နေတဲ့ အခြေအနေကို အဆုံးသတ်ပြီး ဩဂုတ် ၁၀ ရက်မှာ ဘန်ကောက်ကို ပြန်လာဖို့ ရည်ရွယ်ထားကြောင်း သမီးဖြစ်သူ ပေတွန်တန်က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ကြေညာထားပါတယ်။