ဩဂုတ်၊ ၁
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အဖြစ် လူသိများတဲ့ ရခိုင့်တပ်တော် AA၊တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ ကိုးကန့်တပ် MNDAA တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ရဲ့ တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်ကို စစ်ကောင်စီက ဒီကနေ့ လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
အဲ့ဒီတပ်ဖွဲ့ဝင်တွေထဲမှာ လက်ရှိရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တပ်ဖွဲ့ဝင် အများဆုံး ပါဝင်ပါတယ်။စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၂ဦးပြန်လွှတ်ရာမှာ TNLA တပ်ဖွဲ့ဝင် (၁၆)ဦးအထိပါဝင်တာတွေ့ရပါတယ်။
ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဖွဲ့ဝင် နှစ်ဦး၊AA တပ်ဖွဲ့ဝင်တဦးနဲ့ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ တခု ဖြစ်တဲ့ SSPP/SSA တပ်ဖွဲ့ဝင် သုံးဦးလည်း ပါဝင်လာပါတယ်။
ဒီကနေ့ လွတ်ငြိမ်းခွင့်ရ လက်နက်ကိုင်လေးဖွဲ့ထဲက MNDAA၊ TNLA တို့နဲ့စစ်ကောင်စီဟာ လတ်တလော တိုက်ပွဲ တွေဖြစ်ထားပြီး SSPP/SSA ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နောက် တိုက်ပွဲတချို့ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လအတွင်း လဲချားမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာခဲ့ကြပါ သေးတယ်။
ရခိုင့်တပ်တော် AA ကလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ လပိုင်းကြာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့်နှုတ်သ ဘောတူညီချက်အရ အပစ်ရပ်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ်လို့ဆိုကာ စစ်ကောင်စီက နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်တချို့လျှော့ပေးလိုက်သလို အကျဉ်းသား ထောင် ချီကိုလည်း လွတ်ငြိမ်းခွင့်တွေ ပေးလိုက်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားပါဝင်မှုတော့ အနည်းအကျဉ်းသာ ရှိတယ်လို့ နိုင်ငံရေးးအကျဉ်းသား အသိုင်းအဝိုင်း ကပြောပါတယ်။
စစ်ကောင်စီက အခုလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပါအဝင် လွတ်ငြိမ်းခွင့်ပေးတာဟာ နိုင်ငံရေး လိုအပ်ချက်အရ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ လမ်းခင်းနေတာဖြစ်သလို တော်လှန်ရေး အင်အားစု တွေ ကြား စိတ်ဝမ်းကွဲစေဖို့၊တော်လှန်ရေးကို အာရုံမစိုက်နိုင်ဖို့ဖြစ်တယ်လို့ တအာင်းဒေသတွင်းနိုင်ငံရေး၊စစ်ရေး လေ့ လာသူ ဆိုဒန်းက DNAကို ပြောပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများကတော့ သမိုင်းတလျှောက်စစ်ကောင်စီနဲ့ တွေ့ဆုံမှု တွေအများကြီးရှိခဲ့တယ်၊ စစ်အာဏာရှင်အုပ်စုရဲ့ဥာဏ်နီ ဥာဏ်နက်တွေသူတို့ကောင်းကောင်းရိပ်မိတယ်၊ ဒီအပေါ် မှာ လွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းနဲ့ အဓိက အာရုံမကျဘူး၊အဓိကကတော့ စစ်ကောင်စီအာဏာဆက်လက် မ တည်မြဲဖို့အတွက်ကတော့ ကြိုးပမ်းတိုက်ခိုက်လိမ့်မယ်လို့ ယုံကြည်တယ်”လို့သူက ဆိုပါတယ်။