ဖမ်းဆီးခံထားရတဲ့ ထားဝယ် စိုက်/သိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး အပါအဝင် ခုနစ်ဦး ငါးရက်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရ

ဇူလိုင်၊ ၂၆
 
အမည်မသိ လက်နက်ကိုင်တချို့ ဖမ်းဆီးသွားတဲ့ ထားဝယ် စိုက်ပျိုးရေးသိပ္ပံ ကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ခုနစ်ဦးနဲ့ ငါးရက်ကျော်အကြာ ဒီကနေ့ ဇူလိုင်လ ၂၆ ရက်အထိ အဆက်အသွယ်မရသေးဘူးလို့ အဲဒီကျောင်းက ဆရာတွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကို ပြောပါတယ်။
 
” ဖမ်းသွားကတည်းက အဆက်သွယ်မရတော့တာ၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတွေတော့ တွေ့တယ်။ ဒါပေမယ့် အခုထိတယောက်မှ လွတ်လာတာမရှိသေးဘူး ” လို့ အဲဒီကျောင်းက လုံခြုံရေးအရ အမည်မဖော်လိုသူ ဆရာတဦးက ပြောပါတယ်။
 
လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ တပ်ဖွဲ့ဝင် ၁၂ ဦးခန့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်၊ နေ့လယ် ၁ နာရီလောက်က ကျောင်းထဲကို ဝင်ရောက်လာခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဒုကျောင်းအုပ်ဆရာကြီး၊ ကထိက ဆရာတဦးနဲ့ ဆရာမတဦး၊ ကွင်းဆင်း လက်ထောက်ဆရာတဦးနဲ့ ဆရာမတဦးအပြင် ကျောင်းအုပ်ကြီးရဲ့ အသက် ၁၂ ခန့်အရွယ် ကလေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
အဲဒီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေတွေဟာ ကျောင်းထဲရှိနေတဲ့အချိန်မှာလည်း ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတချို့ကို ရိုက်နှက်ခဲ့ပြီး ကျောင်းဆက်မတက်ကြဖို့လည်း ပြောဆိုခဲ့တယ်လို့လည်း ဆရာ၊ဆရာမတွေက ပြောပါတယ်။
 
” ကျောင်းသားတွေရော ဆရာ၊ ဆရာမတွေကိုပါ အခန်းထဲက ခေါ်ထုတ်ပြီး အပြင်မှာ မှောက်ခိုင်းထားတာ၊ မော့ကြည့်မိတဲ့သူတွေကို တုတ်နဲ့ ရိုက်တယ်၊ ဘာတုတ်နဲ့ရိုက်မှန်းတော့ သေချာမသိဘူး၊ နာတာတော့ တော်တော်နာတယ်၊ တော်တော်များများ ရိုက်ခံထိတယ်၊ ကျောင်းတက်နေလို့ ဆိုပြီး အခုလိုလုပ်တာတဲ့၊ သူတို့နဲ့ မပူးပေါင်းရင်တောင် ကျောင်းမတက်ဖို့ ပြောသွားတယ် ” လို့ ထားဝယ်စိုက်ပျိုးရေးသိပ္ပံက ဆရာတဦးက ပြောပါတယ်။
 
ဒါ့အပြင် အာဏာသိမ်း စစ်ခေါင်းဆောင်းကို ဆန့်ကျင်ကြောင်း စာသားပါ ဆိုင်းဘုတ်ကိုင်ခိုင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေလည်း အော်ခိုင်းခဲ့တယ်လို့လည်း အဲဒီဆရာက ဆက်ပြောပါတယ်။
 
” ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေကိုရော တန်းစီရပ်ခိုင်းပြီး ကြွေးကြော်သံတွေ အော်ခိုင်းတာ၊ အရှေ့မှာက ဆိုင်းဘုတ်ကိုင်ပြီး ရပ်ခိုင်းထားတာ၊ ပြီးရင် သူတို့ ဗီဒီယိုရိုက်သွားတယ်၊ အဲလိုအော်ခိုင်းတာ ငါးမိနစ်လောက်ရှိတယ် ” လို့ အထက်ပါ ဆရာဖြစ်သူက ပြောပါတယ်။
 
အဲဒီနောက် ညနေ ၄ နာရီလောက်မှာတော့ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပေမယ့် ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာ အခုထိမသိရသေးပါဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူတချို့ကတော့ အဲဒီဖမ်းဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ပြောဆိုမှုတွေ ရှိပါတယ်။
 
Delta News Agency အနေနဲ့ကတော့ အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဒီကနေ့ ဇူလိုင်လ ၂၆ ရက်၊ မနက် ၁၀ နာရီအထိ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
 
ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းသူ/သား ခြောက်ဆယ်ကျော်နဲ့ ဆရာ/ဆရာမတွေ အပါအဝင် ဝန်ထမ်း ၂၆ ယောက်လောက်ရှိပြီး အခုလိုဖမ်းဆီးခံရမှု ဖြစ်ပွားပြီးနောက် လက်ရှိမှာတော့ ကျောင်းကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
 
ထားဝယ်မြို့နဲ့ ငါးမိုင်ခန့်အကွာ လောင်းလုံးမြို့နယ်၊ တောရှည်ရွာမှာရှိတဲ့ အဲဒီ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းဟာ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၁၀၄ နဲ့ နှစ်မိုင်လောက်သာ ဝေးပါတယ်။
 
ဖမ်းဆီးခံထားရတာ ငါးရက်ကြာလာပြီဖြစ်လို့ မဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
 
” လုံလုံခြုံခြုံရှိတယ်လို့တော့ သိထားရတယ်၊ ဒါပေမယ့် အခြေအနေတိတိကျကျ မသိရတော့ စိတ်တော့ပူနေရတာပေါ့ ” လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Dawei Watch