မူဆယ်မြို့အနီးမှာ စစ်ကောင်စီ လေကြောင်းက ပစ်ခတ်လို့ အရပ်သား နှစ်ဦးသေဆုံး

ဇူလိုင် ၊ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး နမ့်အွမ်ကျေးရွာအုပ်စုက ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မနက် ပိုင်းမှာ လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူ တွေ လည်းရှိတယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က DNA ကိုအတည်ပြုပြောပါတယ်။

“ဘာမှမရှိတာကို ပစ်ခတ်တာကတော့ အရပ်သားကိုမူတည်တိုက်ခိုက်တာပေါ့၊ဒီကျေးရွာတွေလည်း တော်တော် များများ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရတာပေါ့ ” လို့သူကပြောပါတယ်။

မူဆယ်မြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာ ပြည်ထောင်စုလမ်းမကြီးအနီးမှာရှိတဲ့ အဲ့ဒီရွာကို စစ်ကောင်စီက မနေ့ ညပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီကနေ့မှာလည်း တိုက်ပွဲဖြစ်နေတာမရှိဘဲ တိုက် ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ TNLA သတင်းထုတ်ပြန်ရေးဌာနက လည်းဖော် ပြပါ တယ်။

TNLA သတင်းထုတ်ပြန်ရေးဌာနဖော်ပြချက်မှာတော့ တိုက်ခိုက်ခံရမှုတွေကြောင့် ဒေသခံတဦးသေဆုံးပြီး နေအိမ် တွေနဲ့ ဈေးဆိုင်တွေပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“မနေ့ညလောက်ကတည်းကစပြီး ၁၀၅ မိုင်ဘက်က တပ်စခန်းကရော နမ့်ဖက်ကာ ဘက်ကတပ်စခန်းကရော လက်နက်ကြီး ၁၂၀ ၁၀၅ မမတွေနဲ့ တောက်လျှောက်ပစ်တယ်၊ဒီမနက်အထိ အကြိမ်နှစ်ဆယ် ကျော်လောက် တော့ရှိတာပေါ့” လို့ TNLA ပြောခွင့်ရဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

စစ်အုပ်စုက လေကြောင်းကတဆင့် ပစ်ခတ်ခဲ့တဲ့ အဲဒီနေရာအနီးမှာ တအာင်းအမျိုးသားတပ်မတော်က တပ်ဖွဲ့ဝင် တွေ နေရာယူထားတာမရှိသလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။ 

မူဆယ်မြို့အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ခဲ့ကြသလို စစ်ရေးတင်း မာမှုလည်း ရှိနေပေမယ့် ဒီကနေ့ လေကြောင်းကတိုက်ခိုက်ခံရတဲ့ နေရာမှာ တိုက်ပွဲရှိမရှိဆိုတာ ဒေသခံတွေနဲ့ အ ဆက်အသွယ်မရတာကြောင့် DNA အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ စစ်ကောင်စီတို့ မိုင်းငေါ့မြို့နယ်မှာ တကြိမ်၊ ကွတ်ခိုင်မြို့နယ်မှာ တစ်ကြိမ်၊ မူဆယ်မြို့နယ်မှာ နှစ်ကြိမ် စုစုပေါင်းတိုက်ပွဲလေးကြိမ်ဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။