အင်တာမိုင်ယာမီရဲ့ အနာဂတ် ပရောဂျက်တွေအတွက် အစွမ်းကုန် ကူညီမယ်လို့ မက်ဆီပြော

ဇူလိုင်၊ ၁၇

အင်တာမိုင်ယာမီ အသင်းရဲ့ ရည်မှန်းချက် ကြီးမားတဲ့ ပရောဂျက်တွေအတွက် အစွမ်းကုန် အကူအညီ ပေးသွားချင်ကြောင်း ကစားသမားသစ် လီယွန်နယ် မက်ဆီက ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၇ ကြိမ် ဆွတ်ခူးခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား အသင်းကို ဦးဆောင်ခဲ့သူ တိုက်စစ်မှူး မက်ဆီဟာ အခုအခါမှာ အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းနဲ့ တရားဝင် စာချုပ်လိုက်ပြီ ဖြစ်ပါတယ်။

မက်ဆီဟာ ပြင်သစ် ချန်ပီယံ ပီအက်စ်ဂျီ အသင်းက စွန့်ခွာခဲ့တဲ့နောက် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် တရားဝင် စာချုပ် လက်မှတ်ရေးထိုးမှုကတော့ ဇူလိုင် ၁၆ ရက်မှ ဖြစ်မြောက်ခဲ့ပါတယ်။

မက်ဆီက သူဟာ အပြောင်းအရွှေ့အတွက် စိတ်လှုပ်ရှားနေမိကြောင်း ဖွင့်ဟခဲ့ပြီး အသင်းနဲ့အတူ ပူးပေါင်းရင်း လှပတဲ့ အနာဂတ် ပရောဂျက်တွေကို တည်ဆောက်သွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ အိမ်အသစ်မှာ မြန်မြန် အခြေချပြီး အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာအောင် ပူးပေါင်း ကူညီဖို့ စိတ်အား ထက်သန်နေတယ်လို့လည်း အသက် ၃၆ နှစ်အရွယ် ဝါရင့် ကစားသမားက ဖွင့်ဟခဲ့ပါတယ်။

အင်တာ မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သလို ကိုယ်တိုင်က ကမ္ဘာ့ဘောလုံး ကြယ်ပွင့်တစ်ဦး အနေနဲ့ ရပ်တည်ခဲ့ဖူးသူ ဒေးဗစ် ဘက်ဟမ်းက သူ့အသင်းဆီ မက်ဆီ ရောက်လာခြင်းက အိပ်မက်တွေ လက်တွေ့ အထမြောက်လာသလို ခံစားရကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်တာမိုင်ယာမီကို စတင် အုတ်မြစ်ချ တည်ဆောက်ချိန် ကတည်းက ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင် ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ကြောင်း၊ အခုတော့ မက်ဆီလိုမျိုး လျှမ်းလျှမ်းတောက် ဘောလုံးကြယ်ပွင့်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် သူ့အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ဆိုနိုင်ကြောင်း၊ အသင်းရဲ့ ရည်မှန်းချက်တွေအတွက် တဆစ်ချိုး အပြောင်းအလဲလို့လည်း ယူဆနိုင်ပြီး ကွင်းထဲမှာ မက်ဆီ ခြေစွမ်းပြမယ့် အချိန်ကို မစောင့်နိုင်လောက်အောင် ဖြစ်နေကြောင်း ဘက်ဟမ်းက ပြောကြားသွားပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီမှာ တနှစ်လုပ်ခ ဒေါ်လာ သန်း ၅၀ နဲ့ ၆၀ ကြား ရရှိမယ့်အပြင် တခြား ငွေကြေး အကျိုးအမြတ်ဆိုင်ရာ ခံစားခွင့်တွေလည်း ရရှိမယ်လို့ ယုံကြည်ရပါတယ်။ ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် တချို့က မက်မောလောက်စရာ လုပ်ခလစာတွေ အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီကိုယ်တိုင်က အမေရိကန် မေဂျာလိဂ်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Ref: BBC