ပုန်ကန်ခဲ့ပေမယ့် သစ္စာစောင့်သိနေဆဲလို့ ပူတင်ကို ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ပြော

ဇူလိုင်၊ ၁၁

ကမ္ဘာသိ ပုန်ကန်မှုကြီးကို ဦးဆောင်ခဲ့ပေမယ့်လည်း သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် သစ္စာ ရှိနေဆဲပါလို့ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်က ပူတင်ကို မျက်နှာချင်းဆိုင်ပြီး ပြောခဲ့ကြောင်း သိရပါတယ်။

ကရင်မလင် နန်းတော်က Wagner ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ဟာ သူ့တပ်တွေနဲ့ မော်စကိုထိ ချီတက်ခဲ့တဲ့ ပုန်ကန်မှုအပြီး ၅ ရက် အကြာမှာ ရုရှားကို သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ Wagnerရဲ့ ပုန်ကန်မှုဟာ ဇွန် ၂၃ ရက်မှာ အစပြုပြီး နောက်ထပ် ၂၄ နာရီ အကြာမှာ ပြီးဆုံးသွားခဲ့ပါတယ်။

ဘီလားရုစ် အစိုးရရဲ့ ကြားဝင် ညှိနှိုင်းပေးမှုအရ ရုရှား အစိုးရဟာ Wagner ကြေးစားတပ်ကို မဖျက်သိမ်းဘဲ ဆက်လက် ထားရှိပေးခဲ့ပြီး ပရီဂေါ့ဇင်ကတော့ ဘီလားရုစ်ကို ရွှေ့ပြောင်း အခြေချ ခိုလှုံနေခဲ့ပါတယ်။ ပရီဂေါ့ဇင်က သူဟာ ပူတင်နဲ့ ရုရှားအစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ဘဲ ယူကရိန်း စစ်ပွဲမှာ ညံ့ဖျင်းလွန်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဦးဆောင်နေတဲ့ ရုရှား စစ်ဗိုလ်ချုပ်တွေကို အင်အားသုံး ဖယ်ရှားဖို့သာ ဆန္ဒရှိခဲ့ကြောင်း အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံချိန်မှာလည်း ပရီဂေါ့ဇင်က သူရော၊ Wagner တပ်ဖွဲ့ဝင် အားလုံးဟာ ရုရှား သမ္မတအပေါ် မပျက်မယွင်း သစ္စာ စောင့်သိဆဲ ဖြစ်တယ်လို့ အခိုင်အမာ ကတိပြုခဲ့ကြောင်း ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှား အစိုးရ သတင်းဌာန Tassဆီ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပြီးတော့ ပူတင်ကလည်း ယူကရိန်း စစ်မြေပြင်မှာ Wagnerအဖွဲ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အသေအချာ မေးမြန်းခဲ့သလို ပုန်ကန်မှုနဲ့ ပတ်သက်လို့လည်း ပွင့်ပွင့်လင်းလင်း စကားပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

Wagnerတွေဟာ ကြမ်းကြုတ် ဆိုးသွမ်းတဲ့ ကြေးစားတပ် တခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး တဖက်မှာလည်း တိုက်ရည်ခိုက်ရည် ထက်မြက်တာကြောင့် ပုန်ကန်မှု ဖြစ်ခဲ့တဲ့တိုင် Wagnerတွေကို ရုရှား အစိုးရက လိုအပ်နေဆဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ အချိန်ထိတော့ ရုရှား စစ်ရေး လှုပ်ရှားမှုတွေမှာ Wagner တပ်ဖွဲ့ရဲ့ ဆက်လက် ပါဝင်နိုင်မယ့် အခြေအနေနဲ့ အလားအလာတွေကို မခန့်မှန်းနိုင်သေးဘဲ အခြေအနေတွေက ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။

 

Ref: Insider