မြိုင်မြို့နယ် တွင်းမကျေးရွာအုပ်စုက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ ပကဖ ထုတ်ပြန်

ဇွန်၊ ၂၈
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင်းမကျေးရွာအုပ်စု အတွင်းက ပြည်သူတွေအနေနဲ့ အခုလကုန်ပိုင်းကနေ နောက်လ ဇူလိုင် ၂၀ ရက်အတွင်း ဘေးလွတ်ရာကို ထွက်ခွာကြဖို့နဲ့ ကမ္မ-မြိုင် ကားလမ်းပိုင်းကို အသုံးမပြုကြဖို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
 
ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မယ့် အန္တရာယ်ကြောင့် တွင်းမကျေးရွာအုပ်စု အတွင်း အခြေချနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒေသခံပြည်သူတွေကို အသုံးချပြီး ရိက္ခာဖြည့်တာတွေ ရှိနေသလို ဒေသခံတွေကတဆင့် သတင်းရယူပြီး တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အခုလို ထုတ်ပြန်တာလို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။
 
“ သူတို့ (စစ်တပ်နဲ့ ပျူ)က သူတို့ကိုယ်တိုင် မသွားရဲတော့ ဒီပြည်သူတွေကိုပဲ ဈေးမှာရတယ်၊ ဒီတော့ ရိက္ခာမပြတ်ဘူးပေါ့၊ အဲတော့ ပြည်သူတွေမရှိမှ သူတို့ဟာသူတို့ ရိက္ခာထွက်ဝယ်ရင် ကျွန်တော်တို့လည်း လုပ်ချင်တာ၊ လွတ်လွတ်လပ်လပ် လုပ်လို့ရမယ်၊ အဲဒါကြောင့် အဲလိုစာထုတ်လိုက်ရတာပါ ” လို့ သူကပြောပါတယ်။
 
မြိုင်မြို့နယ်၊ တွင်းမကျေးရွာ အုပ်စုအတွင်းက စစ်ကောင်စီတပ်၊ ရဲ နဲ့ ပျူတွေကို တိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ်တွေကို ပိုမိုထိရောက်စေချင်တာကြောင့် စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်ရှားပေးကြဖို့‌ မေတ္တာရပ်ခံ တိုက်တွန်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
ဒါ့အပြင် ကမ္မ-မြိုင် လမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ မည်သူမဆို ထိခိုက်သေဆုံးမှုတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီလမ်းပိုင်းပေါ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ လုပ်တဲ့အချိန် ဖြတ်သန်းသွားလာတဲ့ တွင်းမ ကျေးရွာအုပ်စုထဲက ဒေသခံတချို့က စစ်အုပ်စုကို သတင်းပြန်ပေးလို့ တိုက်ခိုက်ခံရမှုတွေ ရှိတာကြောင့် အခုလို ထုတ်ပြန်တာလို့ မြိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ရှိသူက ဆိုပါတယ်။
 
“ သူတို့ကို စစ်ဆေးပြီးတော့ ရွာထဲ ပေးဝင်လိုက်တယ်၊ သိပ်မကြာဘူး၊ တွင်းမ စခန်းကနေ လက်နက်ကြီးနဲ့ ပစ်တာပေါ့၊ လက်နက်ကြီးနဲ့ နှစ်ချက် ပစ်တာပါ၊ ကျွန်တော်တို့ကို ထိခိုက်မှုတော့ မရှိပါဘူး၊ အရင်တုန်းက ပြည်သူတွေနဲ့ ဆက်ဆံမှုက တကြိမ်တခါမှ မရှိဘူးကိုး၊ နယ်မြေစိုးမိုးမှု အတော်အသင့်ရလာတော့ ကမ္မလမ်းပေါ်မှာ တက်ပြီး စစ်ဆေးမှု လုပ်တော့ တွင်းမကလူတွေ ပါတယ် ‌” လို့ သူက ပြောပါတယ်။
 
တွင်းမကျေးရွာအုပ်စုထဲမှာ တွင်းမ၊ သိမ်ကုန်း၊ လက်ပံပင်တိုက်၊ လယ်စု၊ ကန်အောက်၊ ကျောက်တွန်း၊ ကုသိုလ် စတဲ့ကျေးရွာတွေ ပါဝင်ပြီး အဲ့ဒီကျေးရွာအုပ်စုထဲမှာ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင် ၂၀ အပါအဝင် ပျူတွေနဲ့ အင်အား (၆၀) လောက် အထိုင်ချထားတယ်လို့ သိရပါ တယ်။
 
အဲဒီကျေးရွာ (၇) ရွာထဲမှာ ပြည်သူ ၃၀၀ နီးပါးလောက် ကျန်ရှိနေသေးပြီး ဒေသခံအများစုဟာ လွန်ခဲ့တဲ့ နှစ်နှစ် ကျော်ကတည်းက နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေထိုင်ကြတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – မြိင်မြို့နယ်က စစ်ဘေးရှောင်များ